spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဒိုကျေးရွာအနီးမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ၊ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ယာဒိုကျေးရွာအနီးမှာ ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မနက် ၉နာရီကျော်အချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ယာဒိုမှာ ကလေတ စခန်းကုန်းရှိတယ် စကစရဲ့စခန်းကုန်းပေါ့။ အဲ့စခန်းကုန်းနဲ့မျက်နှာချင်းဆိုင်ပေါ့နော ဟိုဖက်က ဝါသောခိုရွာဖက်ကနေ ဒီဖက်ကို လှမ်းပစ်တာပေါ့။ ဒီဖက်ကလည်း ဟိုဖက်ကို ပစ်တော့ လေယာဉ်တော့ ဝါသောခိုဖက်ကို အကြိမ်ကြိမ် သွားကြဲနေတာပေါ့နော။ ဝါသောခိုနဲ့ကပ်လျက်ပေါ့နော ဖရူဆိုအနောက်ဘက်ခြမ်းပေါ့နော။ ကာပရူးတို့ ရော်ဒေါ်ခေါတို့ ဆီးမီးဒီးတို့ရှိတယ်။ အဲ့ဖက်က စစ်ရှောင်တွေလည်း ရှောင်နေရပြီပေါ့။ လောလောဆယ်တော့ အဲ့လောက်ပဲသိသေးတယ်။ လေယာဉ်လာကြဲတာတော့ ၄ကြိမ် ၅ကြိမ် မကတော့ဘူး။ ဖျက်အားပြင်းတဲ့ဗုံးတွေလာကြဲတယ်ပေါ့နော။ လေး ငါး ဆယ်မိုင်လောက်က ရွာတွေတောင်မှ တုန်တယ်ပေါ့နော။ ပျက်စီးစာရင်းကတော့ မသိရသေးဘူး။ လက်ရှိကတော့ တိုက်ပွဲတွေက ပြင်းထန်နေဆဲပေါ့နော။” လို့ ယာဒိုကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်၊ အပျက်အစီးစာရင်းကို မသိရှိရသေးဘူးလို့ သူက ပြောပါတယ်။

ယာဒိုကျေးရွာအနီးမှာ ဇူလိုင်လ ၁၁ ရက်နေ့ကစတင်ပြီး ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြေား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် အနီးနား ကျေးရွာ ၅ ရွာက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၊ ကလေးငယ်တွေအပါအဝင် အနည်းဆုံး ဒေသခံဦးရေ ၁၅၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးလှိုင်းတွေရှိတဲ့ ဒေသခံတွေကို နီးစပ်ရာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးနေတာရှိပေမယ့် တောတောင်ထဲ စစ်ရှောင်ကြတဲ့ ဒေသခံတွေကိုတော့ ကူညီပေးဖို့ အတွက် လက်လှမ်းမမီနိုင်သေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာလည်း စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပြောပါတယ်။

“တော်တော်အခက်အခဲဖြစ်တယ်။ ဘယ်လိုလှူရမှန်းတောင်မသိဘူးပေါ့နော ကျနော်တို့ပေါ့နော။ အ့လိုအနေအထားရှိတယ်။ သောက်ရေခပ်တို့ဖက်မှာက အဖွဲ့အစည်းက နကိုယ်ရှိပြီးသား ဆန်လေးတွေနဲ့ လတ်တလောပြေးလာတဲ့သူတွေကို ကူညီထောက်ပံ့တာရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးယူပေးပြီးတော့ အဝတ်အစား စားနပ်ရိက္ခာ သွားယူပေးတာတို့ရှိပါတယ်။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံ ဖြည့်တင်းတာတွေ ရှိသလို လက်နက်ကြီးပစ်ခတ်တွေကလည်း ရှိနေတာကြောင့် ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်မနေရဲကြသေးပါဘူး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ယာဒိုကျေးရွာဟာ သံတောင်ကြီးမြို့နယ်အတွင်းမှာ တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တောင်ငူခရိုင် ( တပ်မဟာ -၂) ထိန်းချုပ်နယ်‌မြေအတွင်းမှာ ရှိပါတယ်။

spot_img
spot_img

Recent posts