spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဒိုအနီးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေ၊ တိမ်းရှောင်နေရတဲ့ ဒေသခံများ အကူအညီလိုအပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်အတွင်းရှိ ယာဒိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကနေစပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တိုက်ပွဲဖြစ်ပွားတဲ့ အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ည (ဇူလိုင်လ ၂၁ ရက်နေ့) တစ်နာရီ အချိန်မှာပေါ့နော။ သူတို့ (စစ်ကောင်စီတပ်) လေယာဉ်နဲ့ ခြောက်လုံး လာကြဲချသွားတယ်။ ပြီးတော့ ခုနက (ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့) မနက်ဆယ်နာရီခွဲလောက်မှာလည်း လေယာဉ်ထပ်လာသေးတယ်။ အခုထိလည်း အပြန်အလှန်ပစ်ခတ်နေကြတုန်းပဲ။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကြတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာထဲကို ဗုံးကြဲချနေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်ပျက်စီးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“အခုထိတော့ အထိအခိုက်တော့ သေချာမသိရသေးဘူး။ ရပ်ကွက်ထဲကိုပဲ သူတို့ ကြဲချတာဆိုတော့လေ။ အထိအခိုက်တော့ ရှိလောက်မယ်။ အရင်တစ်ပတ် ဆယ်ရက်နေ့ ကတည်းက စတာ။ အဲ့ညကတည်းက လေယာဉ်နဲ့ ကြဲတာ။ ၇ ကြိမ်လောက်တော့ ရှိလောက်ပြီ။ လေယာဉ်နဲ့ လာပစ်တာလေ။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတစ်ထောင်ဝန်းကျင် ရှိနေပြီဖြစ်ပြီး တောင်ယာသွားရင်း တိုက်ပွဲဖြစ်ပွားတာကြောင့် တိုက်ရိုက်တိမ်းရှောင်နေသူလည်း ပါဝင်ကြတဲ့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အဝတ်အစားမှအစ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

“အဓိက လိုအပ်ချက်က စားနပ်ရိက္ခာပေါ့နော။ နေဖို့ကတော့ လိုက်ကပ်နေရသေးတယ်ပေါ့။ ဆေးဝါးတွေလည်း လိုတယ်။ မိုးကာတွေလည်း လိုတာပေါ့နော။ လောလောနဲ့ ပြေးထွက်လာရတော့ သူတို့မှာ အဝတ်အစားတွေလည်း မရှိဘူး။ တောင်ယာကနေပဲ ပြေးရတဲ့အဖွဲ့လည်းရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကယန်းပြည်သစ်ပါတီဝင် လူငယ်တွေက ကူညီကယ်ဆယ်ပေးနေတဲ့ ဒေသခံတွေရှိသလို တောတောင်ထဲမှာ တိမ်းရှောင်နေကြရဆဲ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နီးစပ်ရာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးနေတာရှိပေမယ့် တောတောင်ထဲ စစ်ရှောင်ကြတဲ့ ဒေသခံတွေကိုတော့ ကူညီပေးဖို့ အတွက် လက်လှမ်းမမီနိုင်သေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ယာဒို‌ကျေးရွာဟာ ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်မှာ တည်ရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU ‌တောင်ငူခရိုင် ( တပ်မဟာ -၂) ထိန်းချုပ်နယ်‌မြေအတွင်းမှာ ရှိပါတယ်။

spot_img
spot_img