spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယာဥ်လိုင်းပြေးဆွဲပြီး ၇လကြာတဲ့အထိ အကျိုးအမြတ်မရရှိသေးဘူးလို့ IEC ရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုကနေ မယ်စဲ့ကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်းဟာ ၇ လကြာရှိလာပြီဖြစ်ပေမယ့် အကျိုးအမြတ်မရရှိသေးပဲ အရှုံးနဲ့သာ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ IEC ရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး သံချောင်းက ကန္တာရဝတီတိုင်း( မ် ) ကို ပြောပါတယ်။

“ကျနော်တို့က အမြတ်ငွေမရဘူးဆိုတာက ကျနော်တို့က ယာဥ်လိုင်းပြေးဆွဲခြင်းဖြင့် ယာဥ်တစ်စီးကို IEC အတွက် အခွန်ငွေ တစ်ကြောင်းကို တစ်သိန်းခွဲ တစ်သိန်းခွဲ အဲဒီလိုမျိုးပေါ့နော။ ကျနော်တို့ သွင်းသွားတော့ IEC အတွက်ကတော့ အခွန်ငွေရတာပေါ့နော။ ရှင်းရှင်းပြောရရင်ကား ကားနစ်နာမှုနဲ့ ကားအုံနာ (Owner) တစ်ဦးစီကတော့ အကျိုးအမြတ်မပြောနဲ့ မောင်းတဲ့ ယာဥ်နောက်လိုက်တို့ ယာဥ်အပျက်အစီးတွေ ပြန်လည်ပြုပြင်ဖို့အတွက်တို့က ကြားထဲမှာ လူတွေ ကုန်တွေ သိပ်မရှိဘူးဆိုရင် ကိုယ့်ကုန်ကို ဖြည့်ပြီး ပြန်တင်ပို့ရောင်းရတဲ့ အခြေအနေမျိုးပေါ့နော။ နည်းနည်းကာမိအောင် ဆိုတဲ့ အနေအထားမျိုးလေးတွေ အဲဒီလိုမျိုးလေးတွေ လုပ်ယူရတယ်ပေါ့။” လို့ သူက ပြောပါတယ်။

လတ်တလောမှာ ယာဥ်လိုင်းတစ်လိုင်းအတွက် ကားတစ်စီးကို လူဦးရေအများဆုံး ၁၅ ဦးအထိ တင်ဆောင်နိုင်ပေမယ့် ၆ ဦးအထိသာ ခရီးသည် အများဆုံးစီးကြတယ်လို့ သူက ပြောပါတယ်။ စီးနှင်းတဲ့ခရီးသည် ပုံမှန်မရှိပေမဲ့ ယာဥ်လိုင်းကိုတော့ ပုံမှန်ပြေးဆွဲနေတယ်လို့ ဆိုပါတယ်။

ယာဥ်လိုင်းကို တစ်ပတ် နှစ်ကြိမ်ပြေးဆွဲနေပြီး လူတစ်ဦးအတွက် ယာဉ်လိုင်းခ ကျပ်ငွေ ၃ သိန်းအထိ ပေးရပါတယ်။ မိုးတွင်းကာလမှာ လမ်းခရီးပိုခက်ခဲတာကြောင့် ခရီးစဥ်ပိုကြာသွားနိုင်ပေမယ့် ပုံမှန်အတိုင်းဆက်သွားနေမယ်လို့ ဆိုပါတယ်။

“လမ်းအခြေအနေနဲ့ ရာသီဥတု အခြေအနေကြည့်ပြီးတော့မှ ပုံမှန်အတိုင်းကြိုးစားပြီးသွားပေးမယ်။ ဒါပေမယ့် မိုးရွာတာနဲ့ မရွာတာနဲ့ကို ခရီးရောက်ဖို့က ပုံမှန်အတိုင်း ဖြစ်ချင်မှဖြစ်မယ်ပေါ့နော။ အဲဒီတော့ အရင်က ကျနော်တို့ ပုံမှန် တနင်္လာနေ့သွားတယ်။ တနင်္လာနေ့ညနေရောက်တယ် ဆိုတဲ့ဟာမျိုး ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့။ အတိအကျပြောလို့မရဘူးပေါ့။ တစ်ညအိပ်ခရီးလည်းဖြစ်သွားနိုင်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်ပေါ့နော။” လို့ သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ ညွှန်ကြားရေးမှူး သံချောင်းက ဆက်ပြောပါတယ်။

လစဥ်ယာဥ်လိုင်းတွေ ပြေးဆွဲရာကနေ ရရှိတဲ့ အခွန်ငွေတွေနဲ့ ယာဥ်လိုင်းလည်ပတ်ဖို့ တာဝန်ယူဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို လစာအဖြစ် ပြန်ပေးတာရှိပြီး ကျန်ရရှိတဲ့ ငွေတွေကိုတော့ IEC ဘဏ္ဍာငွေထဲကို ပေးဆောင်သွားတယ်လို့ သိရပါတယ်။

ဒီးမော့ဆို – မယ်စဲ့ ပြေးဆွဲတဲ့ ယာဉ်လိုင်းကို IEC ရဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲကနေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts