ကန္တာရဝတီတိုင်းမ်
ယနေ့ အောက်တိုဘာလ ၂ဝရက်နေ့ မနက်ပိုင်းတွင် ဖားဆောင်းမြို့နယ်၊ နန်းကစ်ကျေးရွာဘက်တွင် KNPPနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
̏ ကျွန်တော်တို့လည်း အဲ့မှာ ကျွန်တော်တို့လူရှိတယ်လေး၊ သူတို့လည်း သူတို့အလုပ်ကို သူတို့လုပ်မယ်ပေါ့။ လုပ်ချင်လုပ်မယ်ဆိုတာက သူတို့အလုပ်က အဲ့မှာဂိတ်ရှိတယ်၊ ဂိတ်ရှိရဲ့နဲ့ သူတို့ခွင့်မတောင်းဘဲနဲ့ ဂိတ်ကိုပတ်ပြီး ကျော်သွားတယ်ပြောတယ်လေ၊ သူတို့သတင်းမပို့ရင် ခုဏပြောသလိုမျိုး သူတို့တာဝန်နဲ့သူတို့ရှိတယ်၊ သူတို့အလုပ်ကို သူတို့လုပ်ကြမှာပဲလေ˝ ဟု လွိုင်ကော်မြို့ ကေအဲန်ပီပီဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။
အေက်တိုဘာ ၁၉ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ကေအဲန်ပီပီထိန်းချုပ်နယ်မြေအတွင်းသို့ စစ်တပ်ဖက်မှ ခွင့်မတောင်းဘဲ ကျော်တက်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်းမ်သို့ ပြောသည်။
̏ KNPPထိန်းချုပ်နယ်မြေထဲသို့ ခွင့်မတောင်းပဲ စစ်တပ်ဖက်က မနေ့ကအင်အား၂ဝ ဝန်းကျင်က နန်းကစ်ဂိတ်ကို ပတ်ပြီးကျော်တက်သွားသည်။ ယနေ့လဲ အင်အားထပ်ဖြည့်ပြီးလှုပ်ရှားနေတယ် ဖားဆောင်းမြို့ မန်တလဲ ဖက်သွားမယ်ပြောတယ် အင်အားဘယ်လောက်သွားမယ်တော့ သေချာမသိရပါ။ စစ်တပ်အနေနဲ့ငြိမ်းချမ်းရေးဆိုပြီး ပါစပ်ကပြောပြီး ခုလိုငြိမ်းချမ်းရေးကိုထိခိုက်စေတဲ့ အပြုအမှုမျိုးမလုပ်သင့်ပါ˝ ဟု ၎င်းကပြောသည်။
ပြည်ထောင်စုအဆင့်တွင် နှစ်ဖက်မှ အလုပ်သဘောအရသွားလာလျှင်သော်လည်းကောင်း၊ အလွတ်သဘောအရ သွားလာလျှင်သော်လည်းကောင်း အကြောင်းကြားကြရန် သဘောတူညီချက်များ ထားရှိထားသော်လည်း စစ်တပ်ဘက်မှယခုလို အကြောင်းမကြားဘဲ သွားလာနေသည်မှာ မကြာခဏဖြစ်ပေါ်နေကြောင်း ဦးညေးရယ်က ဆက်ပြောသည်။
လက်ရှိတွင် ကေအဲန်ပီပီဘက်မှ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် NCAလက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းနေချိန်တွင် နှစ်ဖက်ယုံကြည်မှုသည် အဓိကဖြစ်ကြောင်းနှင့် စစ်တပ်ဘက်မှ ယခုလိုမကြာခဏ လုပ်ဆောင်နေလျှင် ၎င်းတို့ဘက်မှ ယုံကြည်ရန်ခက်ခဲသွားမည်ဖြစ်ကြောင်း ဦးညေးရယ်ကဆက်ပြောသည်။
̏ ယုံကြည်မှုကို ပျက်ပြားအောင် ဘယ်သူလုပ်လဲ၊ ဘယ်ကစလဲဆိုတဲ့ဟာက ကျွန်တော်တို့ အခုလက်ရှိအခြေအနေအရဆို သိနေတာပဲလေ။ ဆိုတော့ ယုံကြည်မှုတည်ဆောက်နေချိန်မှာ အဲ့လိုမလုပ်ဖို့ အပြန်အလှန်လေးစားဖို့ လိုတယ်ပေါ့˝ ဟု ဦးညေးရယ်က ပြောပါသည်။