လွိုင်ကော်မြို့ပေါ်ရှိ ဆောက်လုပ်ရေးမြင်ကွင်းတစ်ခု(ဓါတ်ပုံ-လင်းသန့်)

သျှံထွန်းတောက် ရေးသားသည်။

နေ့ရက်က ၂၀၁၈ ခုနှစ် မေလ ၂၆ ရက်။ နေရာက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကယား ပြည်နယ်ခန်းမ။ ကျင်းပသွားတဲ့ပွဲက ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ်။ ကျင်းပရတဲ့ ရည်ရွယ် ချက်က ကယားပြည်နယ်အတွင်း ပြည်တွင်း/ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ လာရောက် ရင်းနှီးမြှုပ်နှံဖို့။

ဟုတ်ကဲ့။ ဖိုရမ်ကို ကယားပြည်နယ်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေ ဌာနဆိုင်ရာတွေ ပေါင်းရင် လူဦးရေ ၆၀ဝ လောက်တက်ရောက်သွားတဲ့ ပွဲဖြစ်လေတော့ ကယားပြည်နယ်မှာ အောင်မြင်တဲ့ ပွဲတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ကဲ ဒါဆို ဖိုရမ်ကြောင့် ကယားပြည်နယ်အတွက် ဘာတွေကျန်ခဲ့လဲဆိုတဲ့ မေးခွန်းကတော့ လူတိုင်း သိချင်နေတဲ့ မေးခွန်းတစ်ခုပါပဲ။

သိသာမြင်သာ ဖြစ်သွားတဲ့ ကိစ္စတစ်ခုကတော့ ဖိုရမ်ပြီး နောက်တစ်ရက်မှာ လွိုင်ကော်မြို့က မြေဈေးတွေ တမဟုတ်ချင်း ဈေးတက်သွားပါသတဲ့။ ကျပ်သိန်း ၁၀၀ဝ ကနေ ၁၅၀ဝ ၊ ၂၀၀ဝ တန်က ၂၅၀ဝ အထိ ချက်ချင်းတက်သွားတယ်။

ဒီနေရာမှာ သိချင်တာ တစ်ခုက အဲလိုဈေးတင်လိုက်တော့ မြေပိုင်ရှင်တွေ အဲဒီမြေတွေ ရောင်းထွက်သွားလား ဆိုတာကိုပါပဲ။ မြန်မာပြည်မှာကလည်း စီမံကိန်း တစ်ခုခု ရှိတယ်လို့ အသံကြားလိုက်တာနဲ့ မြေဈေးတွေကို ပါးစပ်ထဲရှိတဲ့အတိုင်း သတ်မှတ်ရောင်းချဖို့ ကြိုးစားနေကြတာကလည်း ရိုးရာတစ်ခုလိုတောင် ဖြစ်နေပါပြီ။

ရင်းနှီးမြှုပ်နှံသူဆိုတာကလည်း ကယားပြည်နယ်လို စွန့်စားလုပ်ကိုင်ရမယ့် နေရာမျိုးမှာ မြေကွက်တစ်ကွက်ကို သိန်း ၂၀၀ဝ ၊ ၂၅၀ဝ လောက်ပေးပြီး လုပ်ကိုင်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့တော့ မဖြစ်နိုင်ဘူးလို့ပဲ စာရေးသူအနေနဲ့ ယူဆပါတယ်။

ဒီနေရာမှာ ကယားပြည်နယ်ဒေသခံတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအပေါ် မြင်တဲ့ အမြင် (၂) မျိုး တွေ့ရပါတယ်။ အဲဒါကတော့ ခြိမ်းခြောက်မှု (Threat)လို့ မြင်တဲ့သူတွေရယ် အခွင့်အလမ်း (Opportunity)လို့ မြင်တဲ့သူတွေပါပဲ။

ခြိမ်းခြောက်မှုလို့ မြင်နေတဲ့သူတွေရဲ့စိတ်မှာ ကယားပြည်နယ်အတွင်းကို ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရင် ငါတို့လုပ်နေတဲ့ မြေယာတွေကို သိမ်းတော့မယ်။ သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးသွားမယ်။ ရိုးရာအမွေအနှစ် တွေကို ဖျက်ဆီးလိမ့်မယ်ဆိုတဲ့ အတွေးမျိုးတွေရှိသလို သူတို့ရဲ့ လုပ်ငန်းငယ်တွေကို ငွေကြေးအင်အားနဲ့ ဝါးမြိုသွားမယ်။ လူမှုဝန်းကျင်ကြီး ပျက်စီးသွားမယ်ဆိုတဲ့ အယူအဆတွေ ရှိနေတာကို တွေ့ရပါတယ်။

လွိုင်ကော်မြို့ တံတားဆောက်လုပ်ရေး၌ အလုပ်သမားများကို ယမန်နှစ် တွေ့ရစဉ်(ဓါတ်ပုံ-လင်းသန့်)

သူတို့ဘဝမှာ အခွင့်အလမ်းလို့ မြင်တဲ့သူတွေကျတော့ ရင်းနှီးမြှုပ်နှံမှုတွေရောက်လာရင် ငါ့မြေကို ရောင်းပစ်လိုက်မယ် ဒါမှမဟုတ် နှစ်ရှည် ငှားမယ်ဆိုတာမျိုး။ သူတို့လုပ်ငန်းမှာလိုတဲ့ ကုန်ကြမ်းကို ငါရောင်းမယ် ဆိုတာမျိုး။ နောက်တစ်မျိုးက ငါ့ရွာနားမှာ လာလုပ်ရင် ငါတို့ကို တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုရမယ် ဆိုတာမျိုးလည်း တွေ့ရပါသေးတယ်။

ဘယ်လိုကိစ္စမျိုးမှာမဆို အလုံးစုံ အကောင်းချည်း ပိုင်ဆိုင်ထားတဲ့ အခြေအနေဆိုတာ မရှိပါဘူး။ အားသာချက် (Advantage) တွေရှိသလို အားနည်းချက်(Disadvantage) တွေလည်း ဒွန်တွဲနေတာ သဘာဝပါပဲ။

အားနည်းချက် တစ်ခုတွေ့တာနဲ့ ဒါကိုပဲ ထောက်ပြပြီး ငြင်းပယ်ဖို့ မသင့်သလို အားသာချက်တစ်ခု တွေ့ရုံနဲ့ ကျန် တာတွေအားလုံးကို မျက်ကွယ်ပြုပြီး လက်ခံလိုက်လို့ လည်း မရပါဘူး။

အားသာချက်တွေကို ကောင်းသထက်ပိုကောင်းအောင် လုပ်ရမှာဖြစ်သလို အားနည်းချက်တွေကို လျော့ချနိုင်သမျှ လျော့ချနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။

အားသာချက်က ပိုများပြီး အားနည်းချက်တွေ နည်းမယ်၊ ရှိတဲ့အားနည်းချက်တွေအပေါ်မှာလည်း အစားထိုးပြန်လည် ကုစားနိုင်မယ့်နည်းလမ်းတွေ ရှိမယ်ဆိုရင် ဒီလိုလုပ်ငန်းမျိုးကို အားပေးရမှာပဲ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကလည် ယခင်ခေတ်ကာလတွေကလို မိမိကိုယ်ကျိုးတစ်ခုတည်း ကြည့်လို့မရတော့ပါဘူး။ မိမိလုပ်ငန်းလုပ်မယ့် နေရာဒေသမှာရှိတဲ့ လူထုရဲ့ ဓလေ့ထုံးတမ်းတွေ အစဉ်အလာတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုလည်း သိရှိနားလည်အောင် ဦးစွာလေ့လာသင့်ပါတယ်။

ဒီလို လေ့လာခြင်းအားဖြင့် မိမိလုပ်ကိုင်မယ့် နယ်မြေဒေသကလူတွေ ဘာကိုလိုချင်တယ်၊ ဘာကို မလိုချင် ဘူးလဲဆိုတာကို သိရှိလာနိုင်မှာဖြစ်ပါတယ်။ ဒီလိုသိရှိပြီးတာနဲ့ နောက်တစ်ဆင့် ထပ်လုပ်ရမယ့် အလုပ်က သူတို့လိုချင်တာကို များများပေးနိုင်အောင် ကြိုးစားရမှာ ဖြစ်ပြီး မလိုချင်တာကို မပေးမိအောင် သို့မဟုတ် နည်းနိုင်သမျှ နည်းနည်းပဲ ပေးနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

အချို့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုရှိပါတယ်။ ဒီလိုထိခိုက်မှုရှိတယ်ဆိုတာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလာရဘူးလို့ ဆန့်ကျင်မယ်ဆိုရင်တော့ ဒါဟာ တစ်ဖက်ပိတ်ဆန်လွန်းပါတယ်။

အိမ်မှာ ထင်း/ မီးသွေးနဲ့ ထမင်းချက်နေရင်လည်း သဘာဝပတ်ဝန်းကျင်ဆိုတာက ထိခိုက်မှုရှိတာပါပဲ။ ဒီလို ပြော လိုက်လို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာ ဂရုစိုက်စရာမလိုဘူးလို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပမာဏနဲ့ ဒေသအတွက် ပြန်လည်ရရှိမယ့် အကျိုးအမြတ် အကြား ချိန်ညှိကြည့်ဖို့တော့ လိုတာပေါ့။ နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ ဒီလိုထိခိုက်မှုကို လျော့နည်းအောင် သို့မဟုတ် ပြန်လည်ကုစားနိုင်အောင် သတ်မှတ်ထားတဲ့ နည်းလမ်းတွေ လုပ်ထုံးလုပ်နည်းတွေ ရှိနေပါတယ်။

ဒီလို လုပ်ထုံး လုပ်နည်းတွေကို လိုက်နာမှု ရှိ၊ မရှိ ဆိုတာကိုပဲ ဦးစားပေး စောင့်ကြည့် ထောက်ပြကြတာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်နေသလား၊ မထိခိုက်အောင် ဘယ်လိုကာကွယ်ပေးနေသလဲ၊ ဘယ်လို ကုစားနေသလဲ ဆိုတာတွေကို စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်လေ့ရှိပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ကိုင်သူမာျး(ဓါတ်ပုံ-လင်းသန့်)

ဒါ့အပြင် ဒေသခံတွေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက လူထုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility – CSR) တွေကို တောင်းဆိုခွင့်ရှိပါတယ်။ အချို့သော ရင်းနှီးမြှုပ်နှံသူတွေက သူတို့ ပေးချင်တဲ့ CSO တွေကိုပဲ ပေးပြီး ဒေသခံတွေ အမှန်တကယ် လိုအပ်တဲ့ အရာတွေနဲ့ ကင်းကွာ သွားတတ်ပြန်ပါတယ်။

ဒီလိုကင်းကွာသွားတာဟာ ဒေသခံတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအကြား အမြင်မကြည်လင်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ တောင်းဆိုမှုဟာ နှစ်ဦးနှစ်ဖက် ဘက်ညီမျှတဖို့တော့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ဒုက္ခရောက်လောက်တဲ့ အထိ လည်း မတောင်းဆိုသင့်ပါဘူး။

ဒါ့အပြင် နောက်ထပ်တွေ့ရတဲ့ အချက်တစ်ခုက ရင်းနှီးမြှုပ်မှု ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် လျှောက်ထားတဲ့ အချိန်မှာ ရင်းနှီးမြှုပ်နှံသူက CSR အနေနဲ့ ဒေသကို ဘာတွေလုပ်ပေးပါမယ်လို့ မျက်စိမှိတ်ပြီး ကတိပြုခဲ့တဲ့ လုပ်ငန်းတွေကို အမှန်တကယ် အကောင်အထည်ဖော်ပေးရမယ့် အချိန်လည်းရောက်ရော အရှုံးပေါ်တဲ့ အခြေအနေမျိုး ကြုံရတာပါပဲ။

ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်မလာစေဖို့အတွက် စတင်ညှိနှိုင်းချိန်မှာကတည်းက ဒေသခံတွေနဲ့ လုပ်ငန်းရှင်အကြား ပွင့်လင်းမြင်သာစွာ၊ အတ္တကင်းစွာနဲ့ ညှိနှိုင်း လုပ်ဆောင်သင့်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေအနေကလည်း ခွင့်ပြုမိန့် တစ်ခုရဖို့အတွက် ဦးတည်ပြီး ကတိကဝတ် တွေမျက်စိမှိတ်ရေးတင်လိုက်တာမျိုးလုပ်ပြီး တကယ်လည်း အကောင်အထည်ဖော်ခိုင်းရော မလုပ်နိုင်တဲ့ အခြေအနေမျိုးမဖြစ်အောင် ကြိုတင် ပြင်ဆင်တွက်ချက်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန်တွေကို လျှောက်ထားသင့်ပါတယ်။

မော်ချီးဒေသရှိ သတ္တုတွင်းလုပ်ကွက်များကို တွေ့ရစဉ်(ဓါတ်ပုံ-လင်းသန့်)

ဒါ့အပြင် ဒေသခံတွေ မလိုချင်တဲ့ အရာတွေ မပေးမိအောင်နဲ့ ဒေသခံတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒေသခံတွေနဲ့ စနစ်တကျ တွေ့ဆုံ ညှိနှိုင်းပြီးမှ ခွင့်ပြုမိန့် တင်သင့်ပါတယ်။ ခွင့်ပြုမိန့်ရလို့ လုပ်ငန်းဆောင်ရွက်ပြီ ဆိုရင်လည်း သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းအတိုင် လိုက်နာဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။

မိမိလုပ်ကွက်အတွင်းမှာ မိမိတို့ဆောင်ရွက်ဖို့ အဆိုပြုတင်ပြထားတဲ့ လုပ်ငန်းမှာ မပါတဲ့ သဘာဝတွင်းထွက် ပစ္စည်း၊ ရှေးဟောင်းပစ္စည်း၊ ရတနာသိုက်တွေ တွေ့ရှိလာခဲ့ရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ချက်ခြင်း အကြောင်းကြားရပါမယ်။ အကြောင်းမကြားဘဲ ဒီပစ္စည်းတွေကို ထုတ်ယူမယ်ဆိုရင်တော့ ဒါဟာ ပြစ်မှုမြောက်ပါလိမ့်မယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် လိုအပ်ချက်အရ ဆောင်ရွက်တာ မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ မသက်ဆိုင်ဘဲ သစ်တောတွေခုတ်တာ၊ သဘာဝသယံဇာတတွေ တူးဖော်တာ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်အောင်လုပ်တာမျိုး မဖြစ်အောင် စဉ်းစား ချင့်ချိန် ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီလိုမဆင်ခြင်ဘဲ လုပ်လိုက်လို့ အထက်က အချက် တစ်ခုခုနဲ့ ငြိခဲ့မယ်ဆိုရင်တော့ ဆုံးရှုံးမှုအတွက် နစ်နာသူကို လျော်ကြေးပေးရပါလိမ့်မယ်။ ဒီအချက်ကိုလည်း ဒေသခံ၊ မီဒီယာနဲ့ သက်ဆိုင်ရာဌာနတွေအေနေနဲ့ အလေးထား စောင့်ကြည့်နေဖို့ လိုပါတယ်။

ဟုတ်ကဲ့။ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကြီးလည်း ပြီးဆုံးသွားပါပြီ။ ကယား ပြည်နယ် အတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေ ပေါ်ထွက်လာပါပြီ။

ပေါ်ထွက်လာတဲ့ ရင်းနှီးမြှုပ်နှံသူထံက ဒေသလူထုအတွက် ဘာအကျိုးအမြတ်ရမှာလဲ၊ ငွေကြေးလား၊ အခြေခံအဆောက်အဦးလာ၊ နည်းပညာလား၊ ထုတ်လုပ်မှုကွင်းဆက်လား၊ အလုပ်အကိုင် အခွင့်အလမ်းလား၊ ပျော်ရွင်မှုလား စတဲ့အချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ကောင်းကျိုး ဆိုးကျိုးအကြား ဟန်ချက်မျှတစွာ ချိန်ညှိနိုင်ကြမယ် ဆိုရင်ဖြင့် ကယားပြည်နယ်ဟာ တစ်နေ့မှာ ဧကန်မုချ တိုးတက်လာပါလိမ့်မယ်။

Comments

comments