spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရာသီတုပ်ကွေးအကြောင်း သိသင့်သည်များ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးရာသီ၊ မိုးဦးကျတဲ့ အချိန်ကစလို့ မိုးကုန်တဲ့အထိ နှာစေး၊ချောင်းဆိုးတာတွေ လူတိုင်းလိုလို ဖြစ်လေ့ရှိပါတယ်။ ကိုယ်ခံအား မကောင်းတဲ့သူတွေနဲ့ တောတောင်ထဲ အမိုးမလုံ ၊ ချောင်းရေ၊ အင်းအိုင်နား နေထိုင်ကြရတဲ့ ကရင်နီစစ်ရှောင်တွေအတွက်တော့ တုပ်ကွေးရောဂါကို ဇွန်လ ကနေစပြီး လက်ရှိအချိန်ထိ ခံစားနေရဆဲဖြစ်ပါတယ်။

ဆယ်စုနှစ်တခုအတွင်း ဖြစ်ပွားတဲ့ တုပ်ကွေးအမျိုးအစားတွေထဲမှာမှ ဒီနှစ်ဖြစ်ပွားတဲ့ ရာသီတုပ်ကွေးဟာ အပြင်းထန်ဆုံး ဖြစ်ပြီး ကူးစက်မှုအမြန်ဆုံးဖြစ်တယ်လို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ခန့်မှန်းထားပါတယ်။

လက်ရှိကရင်နီပြည် စစ်ရှောင်စခန်းတွေမှာရှိတဲ့ လူဦးရေထက်ဝက်ကျော်ဟာလည်း ရာသီတုပ်ကွေးကို အရင်နှစ်တွေထက် ပိုမိုပြင်းထန်စွာ ခံစားနေရကြပြီး စာသင်ကျောင်းတွေ ပိတ်ထားလိုက်ရတဲ့အထိ ရှိနေတာပါ။

လက်ရှိဖြစ်နေတဲ့ ရာသီတုပ်ကွေးမှာ ရောဂါခံစားရပြီဆိုရင် ဘယ်လောက်ကြာကြာ တုပ်ကွေးရောဂါရဲ့ ဒဏ်ကို ခံစားရနိုင်သလဲ ၊ ဘယ်လိုကုသမှု ခံယူရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ရာသီတုပ်ကွေးဆိုတာ

ရာသီတုပ်ကွေးဆိုတာ တုပ်ကွေးဗိုင်းရပ်စ်ပိုး (Influenza Virus) ကြောင့်ဖြစ်ပွားပြီး တဦးကနေတဦး အလွယ်တကူ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတခုဖြစ်ပါတယ်။

ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ နှာခေါင်း၊ လည်ချောင်းအပြင် တခါတလေမှာ အဆုတ်ကို ကူးစက်နိုင်တာကြောင့် သာမန်ဖျားနာမှုကနေ ပြင်းပြင်းထန်ထန်ဖျားနာမှုအထိ ဖြစ်နိုင်ပါတယ်။

ကိုယ်ခံအားနည်းသူတွေနဲ့ တခြားနာတာရှည်ရောဂါ အခံရှိသူတွေဟာ ရာသီတုပ်ကွေးကို ပြင်းထန်စွာခံစားရနိုင်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာနဲ့ အချိန်ဘယ်လောက်ကြာကြာ ရောဂါရဲ့ ဒဏ်ကို ခံစားရနိုင်လဲ

ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေကတော့ ရုတ်တရက်ဖျားတာ ၊ ချောင်းဆိုးတာ (ချောင်းခြောက် ဆိုးခြင်း)၊ ခေါင်းကိုက်တာ၊ ကြွက်သားနဲ့ အရိုးအဆစ်များနာကျင် ကိုက်ခဲတာ၊ မောပန်းလွယ်တာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ စတာတွေ ပြလေ့ရှိတယ်။

သို့ပေမယ့် ဒီနှစ်မှာတော့ ပုံမှန်လို ငွေ့ငွေ့ဖျားတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်မားတာ၊ ပြင်းထန်စွာ ချောင်းဆိုးတာ၊ အဆုတ်ရောင်တာ၊ ပြင်းထန်စွာ ကိုယ်လက်ကိုက်ခဲတာတွေ ခံစားရပြီး၊ ပြင်းထန်စွာ ချောင်းဆိုးတာကို နှစ်ပတ်ကျော်ထိ ခံစားနေရတတ်ပါတယ်။

ကလေးငယ်နဲ့ နာတာရှည်ရောဂါရှိသူတွေအနေနဲ့ ရာသီတုပ်ကွေးကို ပြင်းထန်စွာ ခံစားရနိုင်တာကြောင့် တုက်ကွေးကြောင့် ဖျားခဲ့မယ်ဆိုရင် သာမာန်လူတွေထက် ပိုဂရုစိုက်သင့်ပါတယ်။

ဒါတွေအပြင် ရာသီတုပ်ကွေးရောဂါလက္ခဏာဟာ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါ စတာတွေနဲ့ ဆင်တူစွာ ပြလေ့ရှိတာကြောင့် ရောဂါကို သေချာသိရှိအောင် သွေးစစ်သင့်ပါတယ်။ (သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျားရောဂါဟာ သွေးစစ်မှ သိနိုင်ပါတယ်။)

ရောဂါကူးစက်မှုနဲ့ ကုသမှု

ရာသီတုပ်ကွေးရောဂါခံစားနေရသူက ချောင်းဆိုး/နှာချေတဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေက အသက်ရှူလမ်းကြောင်းမှတဆင့် တခြားတယောက်ဆီကို ကူးစက်နိုင်သလို တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို တိုက်ရိုက်ရှူရှိုက်မိတဲ့အခါ (ဒါမှမဟုတ်) ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင် တခုခုကနေတဆင့် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိုင်ပါတယ်။ တကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာကလည်း တုပ်ကွေးရောဂါကို ကူးစက်နိုင်ပါတယ်။

ဒါကြောင့် တုပ်ကွေးဖြစ်လို့ ဖျားနေတဲ့အတောအတွင်း အိမ်မှာ အနားယူပါ။ ကလေးတွေ ဖျားနေတယ်ဆိုရင် ကျောင်းမပို့သင့်ပါဘူး။

ရာသီတုပ်ကွေးကြောင့် သာမာန်ဖျားနေတဲ့သူအတွက် ပါရာစီတမော ၊ အကိုက်အခဲ ပျောက်ဆေး၊ အဖျားကျဆေး စတာတွေ သောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ နဲ့ ရေဓာတ် မဆုံရှုံးအောင် အရည်တွေ များများသောက်ပေးရမှာဖြစ်ပါတယ်။

နာတာရှည်ရောဂါရှိသူနဲ့ တခြားဆေးကိုပုံမှန်သောက်သုံးပေးနေရတဲ့သူတွေအနေနဲ့တော့ ဖျားနေချိန် မိမိ သဘောအတိုင်း ဆေးမှီဝဲတာ မပြုလုပ်သင့်ဘဲ တတ်ကျွမ်းတဲ့ ဆေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးမှ ဆေးကုသမှု ခံယူသင့်ပါတယ်။

ရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်မလဲ

တုပ်ကွေးကာကွယ်ရန် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခံအားရှိဖို့ပါပဲ။ဒါကြောင့် အာဟာရ ပြည့်ဝတဲ့ အစားသောက်တွေစားပြီး အိပ်ရေးဝဝ အိပ်ရပါမယ်။ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ကြဉ်ရပါမယ်။ လိုအပ်လို့ အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတပ်ဆင်ပြီး နှာချေတဲ့အချိန်နဲ့ ချောင်းဆိုးချိန်တို့မှာ နှာခေါင်း၊ပါးစပ်ကိုအုပ်ထားရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရပါမယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

ကိုးကား – BBC News , Hello Sayarwon website.

spot_img
spot_img

Recent posts