spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရိုးရာဓလေ့အခြေခံကာ အမျိုးသမီးအပေါ် အကြမ်းဖက်မှု များပြားနေဆဲ

Author

Date

Category

မူအက်စတာ

အမျိုးသမီးပေါ် အကြမ်းဖက်မှုများအမျိုးမျိုးအနက် ရိုးရာဓလေ့ကို အခြေခံသည့် အကြမ်းဖက်မှုများက ကယားပြည်နယ်၌ ပိုမိုများပြားနေကြောင်း ကယားပြည်နယ် Woman for Woman Foundation မှ ဒါရိုက်တာ မရိုစီကျော်က ပြောသည်။

ဒီးမော့ဆိုမြို့မ ကက်သလစ်ဓမ္မရုံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနားတွင် ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားကို ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက စုပေါင်းပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အကြမ်းဖက်မှုပုံစံ ၅ မျိုးရှိနေသည်ဖြစ်ပြီး အမျိုးသမီးများအား ပုံစံအမျိုးမျိုး အကြမ်းဖက်ခံနေမှုအပေါ် လူအများ အာရုံစိုက်အလေးထားသင့်ပြီဟု ၎င်းက ဆိုသည်။

“ဘယ်ပုံစံကပိုများလဲဆိုတော့ အားလုံးတော့များတယ်၊ ဒါပေမယ့် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်မှုစနစ်ကြောင့်လည်း ဖြစ်မယ်၊ ပြီးတော့ ရိုးရာဓလေ့ပေါ့နော၊ ကျွန်မတို့က တကယ့်တိုင်းရင်းသားတွေများတဲ့အတွက် သူတို့ရိုးရာကို အခြေခံပြီးတော့မှ တဖြေးဖြေးပေါ့နော တကယ့်ရာဇဝတ်မှု ဖြစ်လာတဲ့အထိ ဖြစ်လာခဲ့တယ်ပေါ့နော။ ရိုးရာဓလေ့လို့ပြောတာ အားလုံးတော့မဟုတ်ဘူး တချို့က ဒီအကြမ်းဖက်မှုကို ပိုပြီးတော့ ဖြစ်လာစေတဲ့ တွန်းအားပေးမှုတွေကိုလည်း ကျွန်မတို့တွေ့ရတယ်ပေါ့နော” ဟု ၎င်းကပြောသည်။

အမျိုးသမီးများအတွက် အထူးတလည် ပြင်ဆင်မထားသည့် လုံခြုံမှုဆိုင်ရာ အစီအမံများ၏ အားနည်းချက်ကြာင့်လည်း ၎င်းတို့အား   အလွယ်တကူ အကြမ်းဖက်ရန်တွန်းအားပေးသလို ဖြစ်စေသည်။

အကြမ်းဖက်မှု အများစုသည် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့်နှင့်လည်း သက်ဆိုင်မှုရှိသည်ဟု ယူဆမှုများလည်း ရှိနေသည်။

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားဒေသအချို့တွင် အမျိုးသမီးအကြမ်းဖက်မှုအပေါ် ဓလေ့ရိုးရာများနှင့် ဖြေရှင်းနေကြသည့် ဓလေ့က ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

“ကျွန်တော့်ဇာတိမှာ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဒီလိုအကြမ်းဖက်မှုတွေက အဲ့လောက်ထိမရှိပါဘူး၊ ရှိရင်လည်း ကျွန်တော်တို့ ဒီဘိုးဘွားစဉ်ဆက် ဓလေ့ထုံးတမ်းအရနဲ့ပဲ သူတို့ရှင်းလိုက်တယ်” ဟု ဝါဘန်းပလိုကျေးရွာမှဒေသခံ ဦးရှာမွေအေးလာက ၎င်းဒေသ၏ ဖြေရှင်းနည်းကို ပြောပြသည်။

အကယ်၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရလျှင် နှစ်ဦးသဘောတူခဲ့လျှင် ၎င်းတို့နှစ်ဦးကို ရိုးရာအရ ကြေအေးကာ လက်ထပ်စေသည်။ အလိုမတူဘဲ အမျိုးသမီး ကိုယ်ဝန်ရခဲ့လျှင် ကလေးအတွက်ရည်ရွယ်ပြီး လျှော်ကြေးပမာဏများတိုးမြှင့်စေခြင်း၊ ၎င်းကလေးကို တာဝန်ယူရခြင်း စသည်တို့ကိုသာ လုပ်ဆောင်လျှက်ရှိကြောင်း ၎င်းက ပြောသည်။

ဤသို့လုပ်ဆောင်ကြခြင်းဖြင့်လည်း ၎င်းတို့ဓလေ့ရိုးရာအရ ကျေနပ်မှုရှိခဲ့ကြရသည်ဟု ဆိုသည်။

ကယားပြည်နယ်တွင် ယခင်က အနည်းငယ်သာရှိသော သက်ငယ်မုဒိမ်းမှုက ယခုနောက်ပိုင်းတွင် ၆ဝရာခိုင်နှုန်းခန့် မြှင့်တက်လာကြောင်း Woman for Woman Foundation မှ ဒါရိုက်တာ မရိုစီကျော်က ပြောသည်။

သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးများက ကျူးလွန်သူများအား သေဒဏ်ချမှတ်ပေးရန် တောင်းဆိုမှုကို အားပေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အစ်မတွေ့ကြုံနေတဲ့ ကာလပတ်လုံး ငွေကြေးရှင်တွေဆိုရင် သူတို့ငွေတွေနဲ့ လျော်ကြေးပေးပြီး ပြီးဆုံးသွားတယ်၊ အမျိုးသမီးတွေကတော့ ခံရတယ် နောက်ဆုံး အမျိုးသမီးဘဝပျက်သုန်းသွားသွားတယ်၊ အဲ့လိုမျိုးကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် သေဒဏ်ပေးလိုက်ရင် နည်းနည်းလျော့ကျသွားမလားလို့ သူတို့က ငွေဒဏ်၊ ထောင်ဒဏ်နဲ့ပဲဆို ပြဿနာအမြဲဆက်ပေါ်နေတယ် လုံးဝသေဒဏ်တစ်ယောက်ကို ကြပ်ကြပ်မတ်မတ်ပေးလိုက်ရင် နောက်လူတွေလည်း သူတို့ကိုယ်သူတို့ ဆင်ခြင်နိုင်မယ် ထင်တာပဲ” ဟု ကယောသဇင်အဖွဲ့မှ ဒေါ်ဆာကပေါ်ထူးက ပြောသည်။

အမျိုးသမီးအကြမ်းဖက်မှုကိစ္စများကို လူမှုအဖွဲ့အစည်းသော်လည်းကောင်း အစိုးရအဖွဲ့များမှလည်း တာဝန်ယူဆောင်ရွက်ရန် အများကြီးလိုအပ်နေပါသေးကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများက ညွှန်းဆိုနေကြသည်။

spot_img
spot_img

Recent posts