spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရိုးရာပွဲတော်ဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို ကရင်နီဒုက္ခသည်စခန်းမှာ အကျဉ်းချုံး ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁ ) မှာ ကရင်နီတို့ရဲ့ ရိုးရာပွဲတော်တခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ် ) ဒီးကူပွဲကို စက်တင်ဘာလ (၅)ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေ မကောင်းပေမဲ့လည်း အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ကရင်နီရိုးရာ မပပျောက်အောင်၊ အကျဉ်းချုပ် ပြုလုပ်ခဲ့တယ်လို့ ပွဲတော်ကျင်းပရေး ဥက္ကဌ ခူးဖရေရယ်က ပြောပါတယ်။

“ကျနော်တို့ ရိုးရာ မပပျောက်အောင် မမေ့အောင် အဲ့တာတွေတော့ အရင်ကရှိလာခဲ့တဲ့ ဘိုးဘွားဘီဘင် ကတည်းကပေါ့နော် ပပျောက်မှာစိုးလို့ ကျနော်တို့လုပ်တာ။ ရပ်ကွယ် လူငယ် တချို့နဲ့ လူကြီးတချို့ တွေကို ဖိတ်တယ်။ ဒါကတော့ မမေ့အောင် လုပ်တာဖြစ်တယ်။ ကျနော်တို့ ကြီးကြီးကျယ်ကျယ်တော့လုပ်ချင်တယ်။ ဒါပေမယ့် ခုနိုင်ငံအခြေအနေ မကောင်းတော့ ခမ်းနားကြီးကျယ်တော့ ကျနော်တို့မလုပ်နိုင်ဘူးပေါ့နော်။ ကျနော်တို့ မှတ်တမ်းလောက်ပဲ လုပ်တာပေါ့နော်။“ လို့ ခူးဖရေရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ စခန်းနေလူထုတွေ စုပေါင်းပြီး အဲ့ဒိုပေါ်မီ ပွဲတော်ကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ခဲ့ပြီး ရိုးရာအကဖြင့် ပြိုင်ပွဲကျင်းပခြင်း၊ ရိုးရာသီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခြင်း၊ အားကစားပြိုင်ပွဲကျင်းပခြင်း နဲ့ ရပ်ကွက်အလိုက် မီးကျည်လွှတ်ပြိုင်ပွဲ ကျင်းပခြင်း စသဖြင့် ခမ်းခမ်းနားနားပြုလုပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ရပ်ဝေးရပ်နီးက ဧည့်သည်တော်တွေကို ဖိတ်ကြားခြင်းတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပွဲတော်ကို အဝေးရောက် ကရင်နီလူမျိုးစုတွေကို ခမ်းခမ်းနားနားကျင်းပတဲ့ အခမ်းအနားကို တင်ပြချင်ပေမဲ့လည်း နိုင်ငံရေးအခြေအနေအရ အကျဉ်းချုံးသာ ပြုလုပ်သွားခဲ့ရတယ်လို့ ဥက္ကဌ ခူးဖရေရယ်က ဆက်ပြောပါတယ်။

“ ကျနော်တို့ စိတ်သဘောတိုင်းဆိုရင် နိုင်ငံခြားရောက်နေတဲ့ ဆွေမျိုးတွေ ဒီရိုးရာ မပပျောက်အောင် သူတို့ကို အခမ်းအနားတွေ ပြုလုပ်ပြီး တင်ပြချင်တာပေါ့နော်။ ကျနော်တို့ အကျဉ်းချုပ်ပဲ လုပ်မယ်ဆိုပြီးတော့ အကျဉ်းချုပ်ပဲလုပ်တာပေါ့နော်။ အဲ့လောက်လည်း မတင်ပြနိုင်ဘူးပေါ့နော်။ နိုင်ငံခြားရောက်နေတဲ့သူတွေက ကျနော်တို့ ကရင်နီ လူမျိုးအများရှိတယ် သူတို့တွေလည်း လုပ်မယ်ထင်တာပေါ့နော်။” သူက ဆက်ပြောပါတယ်။

ဒီနှစ်မှာတော့ အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ တာဝန်ရှိသူတွေ၊ စခန်းနေ လူငယ်၊ ရပ်မိရပ်ဖ နဲ့ ဧည့်သည်တော် အနည်းငယ်နဲ့သာ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ စခန်းနေလူထုတွေကတော့ မိမိတို့နေအိမ်မှာ ဧည့်သည်တွေကို ဖိတ်ကြားပြီး ရိုးရာအစားအသောက်တွေဖြစ်တဲ့ ဒီးကူ၊ ခေါင်ရည် စတာတွေနဲ့ ကျွေးမွေးဧည့်ခံကြပါတယ်။

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာတော့ ကရင်နီရိုးရာပွဲတော်ဖြစ်တဲ့ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူ ပွဲကို မပပျောက်အောင် နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ရိုးရာပွဲတော်ကြီးတခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို နှစ်စဉ် ဩဂုတ်လကစပြီး စက်တင်ဘာလအထိ ကျေးရွာအလိုက် ခမ်းနားစွာ ကျင်းပလာခဲ့ကြတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေအရ ခမ်းနားစွာမကျင်းပနိုင်တော့ပေမဲ့၊ ရိုးရာမပပျောက်အောင် အကျဉ်းချုံး ကျင်းပတာတွေ ရှိနေပါတယ်။

spot_img
spot_img

Recent posts