ရုန်းကန်ရှာဖွေရတဲ့ လူငယ်တွေရဲ့အသက်မွေးဝမ်းကျောင်းဘဝ 

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက အမဲနယ်မြေလို့ သတ်မှတ်ခဲ့တဲ့ ဒေါတမကြီး ကျေးရွာအုပ်စုဟာ နယ်မြေမအေးချမ်းခဲ့လို့ အဲဒီဘက်က လူငယ်တွေအများစုဟာ ဇာတိမြေတွေကို စွန့်ခွာပြီး ပြည်ပဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ သူတွေ များခဲ့ကြပါတယ်။ 
ဒေါမကြီးကျေးရွာအုပ်စုက ဒေသခံတွေဟာ ရွှေ့ပြောင်းသွားလာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရလို့ လူငယ်တွေက ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးခဲ့ကြရပါတယ်။ 

နယ်မြေမအေးချမ်းခဲ့လို့ လူငယ်တွေဟာ အိမ်တွေမှာ မနေရဲကြတော့ဘဲ ပြည်ပဒုက္ခသည်စခန်းတွေဘက် ထွက်ပြေးတဲ့သူကပြေးထိုင်းနိုင်ငံဘက်မှာ အလုပ်သွားလုပ်သူကလုပ်ခဲ့ကြရပါတယ်။ 
ဒေသထွက် သီးနှံတွေကလည်း ဈေးကွက်နှင့်အညီ ထွက်ကုန်တွေကလည်း မကိုက်ညီတဲ့အတွက် လူငယ်တွေ အများစုဟာ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

ဒေါမကြီးကျေးရွာက လူငယ်တစ်ဦးဖြစ်တဲ့ ကူးရယ်က ပြည်ပရောက်သွားကြတဲ့ သူတွေအကြောင်း အခုလို ပြောပြပါတယ်။ 
“ခြံတွေသွားလုပ်တယ်။ စတော်ဘယ်ရီသွားခူးတယ်။ အိမ်မှာမနေရဘူး။ရွာမှာမနေရဘူး တောတွေမှာ ပဲသွားနေရတယ်။ အဲမှာပဲသွားနေ အဲမှာပဲ သွားအိပ် ကျန်ရတယ်။ ပြီးမှပ သူတို့ပြန်လာ ပိတ်ဆံထုတ်ပေးအဲလိုမျိုးပေါ့။ မှတ်ပုံတင်ရှိတဲ့သူကတော့ မြို့ထဲမှာ သွားလုပ်ရတာပေါ့။ အဲလိုလူတွေကတော့ ပြန်မလာသေးဘူး။ အဆင်ပြေတဲ့သူလည်း ပြေတယ်မပြေတဲ့သူလည်း မပြေဘူး။” လို့ပြောပါတယ်။

အိမ်ခြေတစ်ရာကျော်ရှိတဲ့ သူတို့ရွာမှာ ရွာကနေ ထွက်သွားတဲ့ လူငယ်အမျိုးသား အမျိုးသမီး ခန့်မှန်းခြေ ငါးဆယ်ကျော်ရှိမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သွားလုပ်ရတဲ့အတွက်လည်း ဒုက္ခအမျိုး မျိုးကြုံတွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။ 

ဒေါတမကြီးကျေးရွာမှ လူငယ်တစ်ဦးဖြစ်သည့် ကူးရယ်
(ဓါတ်ပုံ – ကတ္တရဝတီတိုင်း(မ်))

“တခါတလေဆို ရဲတွေလာပြီဆို ထွက်ပြေးရတယ်လေး။ အိမ်ရှင်ကလာပြီးတော့ ထွက်ပြေးခိုင်းတယ်။ ပုန်းခိုင်းတာပေါ့။ တနေရာမှာ ခနရှောင်ပုန်းခိုင်းပြီးတော့ သူတို့စစ်ဆေးပြီးသွားပြီဆိုမှ ပြန်လာတာပေါ့ အဲဒီခြံမှာ။” လို့ ကူးရယ်ကေ ပြာပါတယ်။ 
တဆက်တည်းမှာပဲ ဒေါတမကြီးကျေးရွာအုပ်စုအတွင်းက ဒေါညေးခူကျေးရွာမှာဆိုရင်လည်း လူငယ်စာရင်း တစ်ရာကျော်ရှိတဲ့အပြင် နောက်ထပ် ရပ်ဝေးရွာဝေး ၊ ပြည်ပ ရောက်ပြီး အလုပ်အကိုင် သွားရောက်လုပ်ကိုင်နေကြတဲ့သူ အယောက် လေးဆယ်လောက်ရှိတယ်လို့ သိရပါတယ်။ 
တချို့အနည်းစုလူငယ်တွေကတော့ နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်းကနေတဆင့် အစိုးရဝန်ထမ်းဖြစ်သွားတဲ့ သူတွေကတော့ အနည်းအကျဉ်းရှိပါတယ်။

ရွာမှာ ရှိတဲ့ လူငယ်အများစုကတော့ နှမ်းနဲ့ မြေပဲ တောင်ယာသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြတာတွေ့ရပါတယ်။ တခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင် ဇာတိမြေကနေ ရပ်ဝေးသွားလာ ပြီး တရားမဝင် အလုပ်တွေ သွားလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။ 
ဒေါညေးခူရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ဖြစ်တဲ့ တာမိုကလည်း ထိုင်းနိုင်ငံဘက်မှာ တရားမဝင် အလုပ်သွားလုပ်ပြီး အခုဆို ရွာမှာ မိဘတောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း ပြန်လာနေတာ နှစ်လရှိနေပြီလို့ သိရပါတယ်။ 

သူမဟာဆိုရင် ရှစ်တန်းအထိသာ ပညာသင်ကြားခဲ့ပြီး မိဘတွေက ကျောင်းဆက်မထားနိုင်တော့လို့ လွိုင်ကော် မြို့ပေါ်က အလှပြင်ဆင်တစ်ဆိုင်မှာ အလုပ်သင် ၆လ လုပ်ကိုင်ခဲ့ပြီး အိမ်က အဆင်မပြေတာနဲ့ ထိုင်းနိုင်ငံကို အလုပ်သွားရှာလုပ်ခဲ့ တာဖြစ်ပါတယ်။ 
“၆လပဲတက်လိုက်ရတယ်။ အိမ်မှာလည်း အခက်အခဲရှိလို့ ပြန်လာတယ်။ အိမ်ကလည်း ဒီမှာအလုပ်လုပ်ရတာသိပ် အဆင်မပြေဘူး နမ်းလည်းမကောင်းဘူး ညီမလည်း ဟိုဘက်သွားလိုက်တာပေါ့။” လို့ တာမိုကပြောပါတယ်။ 

မောင်နှမ ၅ ယောက်ရှိပြီး အစ်မ အကြီးက အိမ်ထောင်ခွဲဖြစ်သွားတဲ့အတွက် မိဘနှင့် ညီငယ် ညီမငယ်တွေကို ပြန်လာကြည့်ဖို့ လိုအပ်တဲ့အတွက် တခြားအဝေးမှာ အလုပ်မလုပ်တော့ပဲ ရွာမှာ နမ်းပဲ ပြန်လာလုပ်လို က်တ ယ်လို့ဆိုပါတယ်။ 
“အဖေအမေလည်း အလုပ်မလုပ်နိုင်တော့ဘူး အဲဒါကြောင့် အဖေအမေကို ပြန်လာလုပ်ကူတာ ကိုယ့်ရွာမှာပဲ နမ်းတို့ မြေပဲတို့စိုက်တာပေါ့” လို့ တာမိုက ဆက်ပြောပါတယ်။ 

ဒေါညေးခူကျေးရွာမှ ပြည်ပမှအလုပ်လုပ်ခဲ့ပြီး ပြန်လာသည့် တာမို (ဓါတ်ပုံ – ကန္တရဝတီတိုင်း(မ်))

သူမလို သူငယ်ချင်းတွေကလည်း တရားမဝင်အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံရောက်သူတွေ အများကြီး ပြန်လာကြ တယ်လို့ သိရပါတယ်။ တချို့က ပြည်မဘက် ရှမ်းပြည်ဘက် စားသောက်ဆိုင်တွေမှာ အလုပ်သွားရှာကြတယ်လို့ သိရပါတယ်။

ထိုင်းမှာလည်း တချို့ လူမသိသူမသိအောင် ကျန်တဲ့သူလည်းရှိနေသေးကြောင်း အခုလို အခက်အခဲတွေကြားမှ ထိုင်းကနေ ပြန်လာပြီး ရွာပြန်ရောက်နေတဲ့ ဒေါညေးခူရွာမှ လူငယ်တစ်ဦးဖြစ်တဲ့ ရှားရယ်က ပြောပါတယ်။ သူက “အခက်ခဲအရှိဆုံးက ထိုင်းမှတ်ပုံတင်မရလို့ ပြီးတော့ မှတ်ပုံတင်မရတာက တစ်ဖက်ပေါ့ ပြီးတော့ လုပ်တာနဲ့ ခေါင်းပုုံဖြတ်တာက တစ်မျိုးရှိနေတယ် အဲ့ဒါကြောင့်မို့လို့ အဆင်မပြေလို့ ပြန်လာရတာပေါ့။” လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရစစ်တပ်တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လုပ်ထားပြီးနောက်မှာတော့ နှောင်တက်လာတဲ့ လူငယ်တွေဟာ ပြည်ပဘက်တွေကို ထွက်သွားတဲ့သူ နည်းပါးလာတယ်လို့ သိရပါတယ်။ 
“ဒီရွာက အရင်တုန်းကဆို အများကြီးခံစားခဲ့ကြရတယ်။ အခုလိုမျိုး ပစ်ခတ်ရပ်စဲချိန်မှာ ပိုပြီး လွှတ်လပ်သွားတယ်။ အများကြီးလွှတ်လပ်သွားတာပေါ့။ အကယ်၍ အဲလိုမျိုးမဟုတ်လို့ ပြန်ရှုပ်ထွေးလာမယ်ဆိုရင် ကျနော်တို့လူငယ်တွေက ဒီရွာမှာ နေဖြစ်မှာမဟုတ်တော့ဘူးထင်တယ်။ ဘာလို့လဲဆို ကျနော်တို့ကိုလာမေးမယ် ဘယ်သူမဆိုပေါ့ အများကြီးခံရမှာ အဲဒါကြောင့် ကြိုတင် စိုးရိမ်ရတာပေါ့။” ကူးရယ်က ပြောပါတယ်။

နယ်မြေမအေးချမ်းခဲ့တဲ့ ကျေးရွာတွေက လူငယ်တွေဟာ တချိန်က ထွက်ပြေးတိမ်းရှောင်ရင်း မိမိတို့ရဲ့ အနာဂါတ်ဘဝ အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲတွေကြားကနေ ရုန်းကန်ရှာဖွေနေကြရတာဖြစ်ပါတယ်။

Comments

comments

Next Post

“ဒေသဖွံ့ဖြိုးရေး”ရန်ပုံငွေများ အကြောင်း

Sun Aug 6 , 2017
ကျော်စိုးသူ (Economic Development) လွန်ခဲ့သော အစိုးရအဆက်ဆက်ကတည်းကပင် ဘတ်ဂျတ်၏ စည်းကမ်းတင်းကြပ်မှုများကို အကြောင်းပြု၍ ရုံးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တရားမဝင်ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများစွာ ထားရှိ သုံးစွဲခဲ့ကြပေသည်။ ၎င်းရန်ပုံငွေများသည် ဌာနအဖွဲ့အစည်းများအတွက် ကောင်းကျိုး အနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းမရှိသောကြောင့် နို်င်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိပေ။ လူတစ်ဦးတစ်ယောက်နှင့် လူတစ်စုအတွက်သာ အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့သည်။ ဗဟိုချုပ်ကိုင်မှု အားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းခဲ့သော အစိုးရစနစ်တို့၏ အကျိုးရလာဒ် ပင်ဖြစ်ပေသည်။ ထိုရန်ပုံငွေများသည် နိုင်ငံတော်ဘတ်ဂျတ်သို့ ထည့်ဝင်ခြင်းမရှိဘဲ ဌာနအဖွဲ့အစည်းခေါင်းဆောင်များ၏ စိတ်ကြိုက်လိုရာသုံးနိုင်ရန် ခေါင်းစဉ်နှင့် အသုံးစရိတ်များသာ ဖြစ်ခဲ့ရပေသည်။ ၂၀၀၈ အခြေခံဥပဒေအရ ဒေသအစိုးရများပေါ်ထွက်လာခဲ့ပြီး ဒေသဘတ်ဂျတ်ဥပဒေများ အတည်ပြုပြဌာန်ပြီးချိန်တွင် ထိုဖန်ရန်ပုံငွေများသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိသောသည်ကို […]