spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။ ဘာသာရေးအဆောက်တချို့တော့ ပြိုကျပျက်စီးတာတွေရှိတော့ လူတွေလည်း တစ်ယောက်မှ မနေရဲကြတော့ဘူး။ အထူးသဖြင့်ကတော့ မိုင်းထမ်းအုပ်စုပေါ့။ မိုင်းထမ်းရယ်။ ရေနီပေါက်ရယ်။ ဝမ်ချယ်ရယ်။” လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကျေးရွာအတွင်းပြန်နေထိုင်လို့မရသေးတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ရေနီပေါက်ကျေးရွာအနီးက ကြိုးတံတားပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဟိုဝမ်ကျေးရွာကို နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ ကျေးရွာသုံးရွာက လူဦးရေ တစ်ထောင်ဝန်းကျင်ဟာ နီးစပ်ရာ ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ရက်မှာလည်း စစ်ကောင်စီဘက်က ဒေသခံ ၁၀ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီးတဲ့နောက် ယမန်နေ့ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) ကလည်း ရေနီပေါက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ရေးအခြေအနေ တင်းမာနေပြီး ဘောလခဲ-ဖားဆောင်း လမ်းမကြီးနဲ့ ဘောလခဲ-ရွာသစ်လမ်းမကြီးကို သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့ ယမန်နေ့ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် အဲဒီလမ်းကို အသုံးပြုနေတဲ့ ပြည်သူတွေရဲ့ အသက်ဘေးအန္တာရာယ်ကို ထိခိုက်စေနိုင်တဲ့အတွက် ပိတ်ထားရတာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – CJ
spot_img
spot_img

Recent posts