spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

ရေနီပေါက်ရွာအနီး တိုက်ပွဲ​ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီ​ပြည် ဘောလခဲမြို့ ရေနီပေါက်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ရေနီပေါက်ကျေးရွာဒေသခံ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘောလခဲ PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားသူတွေကို လက်ရှိမှာတော့ ဘောလခဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရပေမယ့် မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဘောလခဲ ဒေသခံ တစ်ဦးက ပြောပြပါတယ်။

“ဖမ်းခံရတဲ့ မိဘတွေ သွားတွေ့တော့ သူတို့ ပေးမတွေ့ဘူးပေါ့နော။ သူတို့ သား၊ သမီးကို ပေးမတွေ့ဘူးပေါ့။ အဲဒီမှာ ရောက်နေတယ်ဆိုတာကိုတော့ သတင်းရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အထက်တန်းကျောင်းသားအရွယ် ကလေးနှစ်ယောက်ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေနီပေါက်ကြိုးတံတားကနေတဆင့် စစ်ကောင်စီတပ်ဟာ အင်အား ၁၂၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် PDF တပ်ပေါင်းစုတွေနဲ့ မတ်လ ၁၆ ရက်နေ့ မနက် ၅ နာရီကနေစပြီး ၁ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘောလခဲ PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတဲ့အတွက် ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရေနီပေါက်ရွာနဲ့ မိုင်းထမ်းကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တစ်ဦးမှာ စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတဲ့အတွက် ရေနီပေါက်ရွာနဲ့ မိုင်းထမ်းကျေးရွာအပါအဝင် အနီးအနားက ဝမ်ချယ်၊ နန်းနောက်၊ ချိကွဲ့ ကျေးရွာက ဒေသခံ တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts