spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရေမသန့်ရှင်းမှုကြောင့်အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော

လေးမြာ (ကန္တာရဝတီတိုင်း(မ်))

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းဟာ လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေးကိစ္စ တစ်ရပ်ဖြစ်ပါတယ်။ ရာသီမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် မိုးရာသီမှာ အစားအသောက်နဲ့ ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းပျက်ဝမ်းလျှော ပိုမိုအဖြစ်များစေပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ

ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်တွေ ခဏခဏ သွားတာဖြစ်ပြီး တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုးကို ဖြစ်စေပါတယ် (ပုံမှန်ဝမ်း မကြာခဏသွားခြင်းဟာ ဝမ်းပျက်ဝမ်းလျှောခြင်း မဟုတ်ပါ) ။ ပျို့အန်ခြင်း၊ ဗိုက်ရစ်ခြင်းနဲ့ အဖျားငွေ့ငွေ့ရှိခြင်းစတဲ့ လက္ခဏာတွေနဲ့တွဲပြီး ခံစားရနိုင်ပါတယ်။
ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ ပတ်ထက်မနည်း ကြာနေပြီဆိုရင်တော့ နာတာရှည် ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်တဲ့အတွက် သေချာကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ

ဝမ်းလျှောခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေများစွာရှိတဲ့အထဲမှာမှ ရေမသန့်ရှင်းမှုကြောင့်နဲ့ ဆက်စပ် ဖြစ်ပွားမှုက ပိုမိုများပြားပါတယ်။
မသန့်ရှင်းသော သောက်သုံးရေသောက်မိခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ ယင်နားစာများ စားသုံးခြင်း စတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါတယ်။
ဘတ်တီးရီးယား၊ ကပ်ပါးပိုးကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောအပြင် အခြားသောရောဂါနှင့် ဆက်စပ်ပြီးဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေလည်း ရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် တွေ့ရတတ်သော လက္ခဏာများ
ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက်မှာ ဖောရောင်ပြီး ရေတွေနဲ့ ပြည့်နေသလို ခံစားရခြင်း၊ ဝမ်းမအောင့်နိုင်ခြင်း၊ ရုတ်တရက် မထိန်းနိုင်လောက်အောင် ဝမ်းသွားချင်လာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အဖျားတက်ခြင်း စတဲ့ လက္ခာတွေ ဖြစ်လေ့ရှိပါတယ်။

ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

– ရေကိုကျိုချက်ပြီး သို့မဟုတ် ကလိုရင်းဆေးခတ်ပြီး သောက်သုံးပါ။

  • လက်ကို မကြာခဏ သန့်စင်အောင် သေချာဆေးကြောပါ။
  • သန့်ရှင်းစွာ နဲ့ ကျက်အောင် ချက်ထားတဲ့ အစားအစာတွေကို စားပေးပါ။
    – သက်တမ်းလွန်သော အစားအစာများ၊ အမှည့်လွန်သောအသီးများ မစားပါနှင့်။
    – သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုပါ။
    – အစားမစားမီ၊ အစားအသောက်များ ကိုင်တွယ်မချက်ပြုတ်မီ၊ အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သေချာစွာ ဆေးကြောပါ။
    – ကလေးငယ်များရဲ့ မစင်များ၊ ပေကျံနေသော အဝတ်များကို စနစ်တကျ သိမ်းဆည်း လျှော်ဖွတ်ပါ။ ရေတွင်းရေကန်အနီးတွင် လျှော်ဖွတ်ခြင်း မပြုသင့်ပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဘယ်လိုကုသမလဲ

  • အိမ်မှာ ကောင်းကောင်းအနားယူပေးပါ။
  • အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ။
  • ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ အားကစားလုပ်တာ နားထားပါ။
  • ရေဓါတ်မခမ်းခြောက်စေဖို့ ရေများများသောက်ပေးပါ။
  • ဓာတ်ဆားရည်သောက်ပေးပါ။ (ဓာတ်ဆားကို အညွှန်းအတိုင်း တိကျစွာဖျော်ရန် အရေးကြီးပါတယ်။ ဥပမာ – ရေတစ်လီတာဖြင့် ဖျော်စပ်ရမည်ဆိုပါက ရေတစ်လီ တာဖြင့်သာ ဖျော်စပ်ရမှာ ဖြစ်ပါတယ်)။
    ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာများရှိရင်၊ ဝမ်းထဲတွင်သွေးပါရင်၊ ဆန်ဆေးရည်အရောင် ဝမ်းသွားရင်၊ အစာမဝင်ရင်၊ အကြိမ်များစွာအန်နေရင်၊ အဖျားကြီးရင်၊ တက်ရင် နီးစပ်ရာကျန်းမာရေး ဝန်ထမ်းနဲ့ ပြသရန်လိုအပ်ပါတယ်။
    သတိပြုရမှာက ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သက်သာစေဖို့ ဝမ်းပိတ်ဆေးနဲ့ ပဋိဇီဝဆေး သောက်မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားမှသာ သောက်ရမှာ ဖြစ်ပါတယ်။

ကိုးကား – NUG , MOH facebook page Hello Sayarwon page

spot_img
spot_img