spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရေမြှင်တက်လာမှုကြောင့် ဘီလူးချောင်းဘေးက စစ်ဘေးရှောင် ၈၀၀ ဝန်းကျင် ပြောင်းရွေ့နေထိုင်ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံအင်း နဲ့ဘီလူးချောင်း တစ်လျှောက် ရေမြှင့်တက်လာမှုကြောင့် မိုးဗြဲမြို့ပြင် လယ်ကွင်းတွေမှာ တဲထိုးနေကြရတဲ့ စစ်ရှောင်တွေနဲ့ မိုးဗြဲဆည်အောက်ဘက်၊ ဘီလူးချောင်းဘေးက စစ်ဘေးရှောင်လူထု (၈၀၀) ဝန်းကျင်ဟာ မိုးဗြဲမြို့ပေါ်နဲ့ တခြားဒေသတွေကို ပြောင်းရွေ့နေထိုင်ကြရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

မိုးဗြဲမြို့ပြင် လယ်ကွင်းတွေမှာ တဲထိုးနေကြရတဲ့ မိုးဗြဲ စစ်ဘေးရှောင်တွေဟာ မြို့ထဲက တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ ပြန်လည်နေထိုင်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“နဂိုကတည်းက လယ်ထဲရှိတဲ့ စစ်ရှောင်တွေက ရေတက်လာတော့ အခုမိုးဗြဲမြို့ပေါ်ကို ပြန်ရှောင်ကြတာပေါ့။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်စာရင်းအရ လက်ရှိ ရေမြင့်တက်နေတဲ့ လယ်ကွင်းထဲ တစ်နေရာတည်းမှာ မိုးဗြဲစစ်ရှောင် ဦးရေ ၂၀၀ ကျော်ရှိတယ်လို့ မိုးဗြဲလူမှုကယ်ဆယ်ရေး အဖွဲ့ထံကနေ သိရပါတယ်။ သို့ပေမယ့် ဒေသတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်အသစ်တွေ ထပ်မံရောက်ရှိလာသူတွေလည်းရှိနေပြီး လူဦးရေ ၅၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ အဲ့ဒီ စစ်ရှောင်စခန်းမှာ ရေပြန်ကျတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“ရေက အရင်ရက်ပိုင်းကတည်းက တော်တော်တက်တယ်။ အခုလည်း ရေကတက်နေတဲ့ အနေအထားမျိုးရှိတာပေါ့နော။ ပြန်တော့မကျဘူးပေါ့။ တက်နေတယ် နည်းနည်းစီတက်မယ်။ ပြီးမှ ငြိမ်တယ် အဲလိုပေါ့နော။ ရေတအားကြီးကျတာတော့ မရှိသေးဘူး။ ရှေ့လျှောက်လည်း ရေကျဖို့မရှိလောက်ဘူးလို့ထင်တာပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေကတော့ လွိုင်ကော်၊ ဖယ်ခုံ၊ တောင်ကြီးမြို့ စတဲ့နေရာတွေမှာ သွားရောက်နေထိုင်ကြသူတွေ ရှိနေတယ်လို့ သိရပါတယ်။
မိုးဗြဲ PDF ကတော့ ဘီလူးချောင်းရေမြင့်တက်လာရတာဟာ စစ်ကောင်စီတပ်တွေက မိုးဗြဲဆည်ရဲ့ ရေတံခါးကို ဖွင့်ချလိုက်တာကြောင့်ဖြစ်ပြီး စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ပြည်သူတွေ မြို့ထဲမှာ ပြန်နေအောင် သူတို့ဖက်ပါအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါမယ်။ ပြီးတော့ ပြည်သူတွေက မြေခြံမရှိတော့ ဘယ်လိုဖြစ်ဖြစ် ကိုယ့်အိမ်ကို ပြန်မယ်။ နောက်ပြီး တစ်ယောက်စ နှစ်ယောက်စ ဆိုသူတို့ ဘာမှမလုပ်ဘူး ပြန်လို့ရတယ် ဆိုတဲ့ပုံစံပေါ့နော်။ နောက်ပြီး သူတို့ဖက်ပါနိုင်အောင်ပေါ့နော်။ အဓိက ဒီအရာတွေ မြင်မိတာပေါ့နော်” လို့ မိုးဗြဲ PDF တပ်ရင်း (၁) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း စစ်ရေးအခြေအနေတွေကြောင့် ပြောင်းရွေ့နေထိုင်ကြရတဲ့ စစ်ရှောင်တွေအနေနဲ့ မိုးဗြဲမြို့ပေါ် ပြန်မနေဘဲ အခြားသော စစ်ရှောင်စခန်းတွေမှာ သွားရောက် ရှောင်သင့်တယ်လို့ မိုးဗြဲPDF တပ်ရင်း (၁)မှ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

“မိုးဗြဲမြို့ထဲမှာ ပြန်ပြီးမနေဘဲနဲ့ ပြောချင်တာ နည်းနည်း စစ်ပွဲမဖြစ်တဲ့ နေရာမှာ သွားနေတာ ပိုဆင်ပြေတာပေါ့နော်။ မြို့ထဲမှာ ပြန်နေမယ်ဆိုရင်တော့ မြို့ပေါ်မှာ ရှိနေတဲ့ စစ်သားနဲ့ ကျ‌နော်တို့က အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ အတွက်ကြောင့်အမှန်ဆို ဟို့ အနောက်ဘက် မိုးဗြဲနဲ့ဝေးတဲ့နေရာမျိုးနေတော့ ပိုကောင်းတာပေါ့နော်” လို့ ဆိုပါတယ်။

အောက်တိုဘာလ ဒုတိယပတ်ကစပြီး ဖယ်ခုံအင်းရေမြင့်တက်လာတဲ့အတွက် ဖယ်ခုံနဲ့ မိုးဗြဲမှာ လယ်ဧက ထောင်နဲ့ချီ ရေမြှုပ်သွားတဲ့အတွက် ရေရှည်စားဝတ်နေရေးကို စိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေက ပြောကြပါတယ်။

spot_img
spot_img

Recent posts