spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရေရှည်တိုက်ပွဲအတွက် လက်နက်ခဲယမ်းလိုအပ်နေပြီး ကူညီကြဖို့ ဖိတ်ခေါ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းနဲ့ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့၊ မိုးဗြဲမြို့တွေမှာ လတ်တလောတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်နက်ခဲယမ်းလိုအပ်နေတာကြောင့် ကူညီကြဖို့ ဒေသခံကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဖိတ်ခေါ်နေပါတယ်။

“အဓိကပေါ့ လက်နက်ခဲယမ်းတွေကအများကြီးလိုအပ်ပါတယ်။ တစ်တောင့်ကို ၅ထောင် ၆ထောင်ရှိတယ်။ တိုက်ပွဲတစ်ပွဲလုပ်လိုက်ရင် မနက်ကနေ ညအထိလုပ်လိုက်ရင် ချွေတာပစ်ရင်တောင်မှ သိန်းတစ်ရာကျော် တစ်ရာဝန်းကျင်လောက်ကုန်သွားတယ်ပေါ့။ တိုက်ပွဲရေရှည်ကတော့ ရပ်တည်ဖို့က နည်းနည်းခဲယဉ်းတယ်ပေါ့။ လက်နက်ခဲယမ်းကလည်းခက်တာကိုး။ကိုယ့်မှာပိုက်ဆံရှိလည်း လိုက်ရှာဝယ်လို့လည်းမရတဲ့ဟာလည်းရှိတယ်။ အဲ့လိုမျိုးကျတော့ ကျနော်တို့ပိုပြီးတော့ သိပ်အရမ်းမဖြုန်းဘူးပေါ့နော။ လိုအပ်သလောက်ပဲပစ်တဲ့အနေအထားမျိုးပေါ့။” လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ဒီကနေ့အထိ ၉ရက်ဆက်တိုက် မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာ၊ မိုးဗြဲ-ဒီးမော့ဆိုအနောက်ဖက်ခြမ်းသွားလမ်းမကြီးဖက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်တာ၊ တင့်ကားအသုံးပြုတိုက်ခိုက်တာ၊ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၆ရက်နေ့မှ ၂၀ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က ၆၁ဦးသေဆုံး၊ အများအပြားထိခိုက်ခဲ့ပြီး သံချပ်ကာ ၂စီး၊ လက်နက်ခဲယမ်းထောက်ပို့ကား ၃စီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကလည်း အကျအဆုံး၊ ထိုခိုက်မှုများပြားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေက တနေကုန်ပြင်းထန်နေတာဖြစ်တဲ့အတွက် လက်နက်ခဲယမ်းတွေ အများအပြားလိုအပ်နေပြီး လက်နက်မညီမျှတာဟာ ပြဿနာဖြစ်နေတာကြောင့် မြေပြင်တိုက်ပွဲဝင်နေကြတဲ့ သက်ဆိုင်ရာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကလည်း လှူဒါန်းပေးဖို့ မေတ္တာရပ်ခံနေကြပါတယ်။

KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ကျနော်တို့တိုက်ပွဲမှာ နောက်ဆုတ်လိုက်ရတဲ့ဟာက လက်နက်မညီမျှမှု ပြဿာနာပဲလေနော။ ဥပမာ- စစ်ကောင်စီက လက်နက်ကြီးတွေ ၁၀လုံးလောက်သုံးတဲ့အချိန်မှာ ကျနော်တို့ နှစ်လုံးလောက်တောင် ပြန်မသုံးနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ လက်နက်ကြီးဖြည့်တင်းဖို့က အဖွဲ့တိုင်းမှာလိုအပ်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့မရဘူးပေါ့နော။ လှူဒါန်းတဲ့ဟာဖိတ်ခေါ်ရတာလည်း ကျနော်ထင်တယ် အမှန်တကယ်လိုအပ်ကြလို့ပဲ ဖိတ်ခေါ်လိုက်ကြတာပေါ့လေ။ “လို့ ပြောပါတယ်။

ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ KGZ ၊ KDF ၊ JPDF ၊GZ-21နဲ့ အခြားမဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို စစ်မြေပြင်သာမက အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာ၊ မြို့တွေအထိ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း နန်းမယ်ခုံမြို့နဲ့ အနီးတစ်ဝိုက်ကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ရသလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img