spot_imgspot_imgspot_imgspot_img
Saturday, April 13, 2024
spot_imgspot_imgspot_imgspot_img

ရေရှားပါးမှုနှင့် ကရင်နီစစ်ရှောင်များ၏ ကျန်းမာရေးအကျပ်အတည်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ လောလောဆယ် အရမ်းခက်ခဲတာ ရေ၊ နံပါတ် ၁ က ရေပဲ၊ ရေပြီးရင်တော့ စားနပ်ရိက္ခာပဲပေါ့နော်။ ပြီးတော့ ကျန်းမာရေးပေါ့ ”

ဒီစကားကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေးကုသပေးနေတဲ့ “မူကယန်း” အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပဲဖြစ်ပါတယ်။

ကရင်နီပြည်ဟာ ဆောင်းအကုန်ကစလို့ မေလကနေ ဇွန်လအထိ ရေရှားပါးမှုပြဿနာကို နှစ်စဉ် ဆိုသလို ကြုံတွေ့နေရတာပါပဲ။ သာမာန်အချိန်မှာ ရေရှားပါးမှု ပြဿနာကို ကျော်လွှားလိုက်နိုင်ခဲ့ပေမယ့်၊ အာဏာသိမ်းနောက်ဆက်တွဲ စစ်ဘေးဒဏ်ကြောင့် ကျဉ်းမြောင်းလှတဲ့ စစ်ရှောင်စခန်းတွေမှာ စုဝေးနေထိုင်ရတာအပြင်၊ ရေအရင်းအမြစ်ရှိတဲ့ နေရာတွေနဲ့ဝေးတဲ့ တောတောင်ထဲမှာ စစ်ရှောင်နေရတာတွေကြောင့် ရေရှားပါးမှုပြဿနာကို ခါးစည်းခံနေကြရတာပါ။

သန့်ရှင်းသောရေရရှိမှု မရှိခြင်း။
ရေရှားပါးမှုပြဿနာတွေကြောင့် စစ်ရှောင်တွေဟာ သန့်ရှင်းတဲ့ရေရရှိဖို့ ခက်ခဲလွန်းလှပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေဟာ နေထိုင်ရတဲ့ နေရာနဲ့ဝေးလံတဲ့ ရေထွက်ပေါက်၊ ချောင်း၊ ကန်တွေမှာ ရေသွားခပ်ယူနေကြရတာရှိသလို၊ အလှူရှင်တချို့လှူဒါန်းတာ၊ ကိုယ်ပိုင်ရေဝယ်ယူသုံးစွဲနေကြရတာတွေနဲ့ ရေရှားပါးမှုကို ဖြေရှင်းနေကြတာဖြစ်ပါတယ်။

သွားရောက်ခပ်ယူရတဲ့ ချောင်းရေ၊ ကန်ရေ၊ ရေထွက်ပေါက် တချို့ကလည်း ကြည်လင်သန့်ရှင်းမှု မရှိတာတွေလည်း ရှိနေတာပါ။ စားသောက်ဖို့အတွက်သာ အဓိက ဖြစ်နေပြီး တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက် လုံလောက်တဲ့ ရေအရင်းအမြစ်မရှိတဲ့ အခက်ခဲနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

မိုးရာသီမှာ ခံယူသိုလှောင်ထားတဲ့ မိုးရေကို သုံးစွဲရတဲ့ စစ်ဘေးဒုက္ခသည်တွေရှိသလို ချောင်းရေတွေကို အသုံးပြုနေရတဲ့ ကရင်နီစစ်ဘေးဒုက္ခသည်တွေဟာ ရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါအပါအဝင်၊ ယားယံမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စိမ့်စမ်းရေမှ ရေသွားရောက်ခပ်ယူနေတာကို တွေ့မြင်ရစဉ်။

နောက်ဆက်တွဲကျန်းမာရေးပြဿနာခံစားလာရမှု။
သန့်ရှင်းတဲ့ရေ မရရှိမှုကြောင့် ပြင်းထန်ကာလဝမ်းရောဂါအပါအဝင် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ၊ အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါ စတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းမှ ၅ နှစ်အောက် ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါကို စတင်ခံစားနေရပြီး၊ လက်ရှိအချိန်အထိ တစ်ယောက်စ နှစ်ယောက်စ မှာဆက်လက်ဖြစ်ပွားနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပြီး သေဆုံးခဲ့ရပါတယ်။

“ ဒါက သန့်ရှင်းသပ်ရပ်မှု ကလေးရဲ့ တကိုယ်‌ရေသန့်ရှင်းမှု၊ မိသားစုရဲ့ သန့်ရှင်းသပ်ရပ်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းသန့်ရပ်မှု‌တွေ အဲဒါတွေ အကုန်လုံးတော့ သက်ဆိုင်တာပေါ့နော်။ အဲဒီအကြောင်းကြောင့်မို့လို့ ခုနက ကလေးတွေကလည်း ၅ နှစ်အောက် ကလေးတွေဆို ခုခံအားနည်းတယ်လေးနော်။ ဆိုတော့ အဲလိုတွေ ဖြစ်သွားတယ်လို့ပဲ ယူဆတယ်ပေါ့နော်။ “ လို့ မူကယန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်းရဲ့ အကြောင်းရင်းများစွာထဲက ကလေးငယ်တွေ အဖြစ်များတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး၊ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေခဲ့ရင် ဓာတ်ဆားရည်ကို စနစ်တကျတိုက်ကျွေးတာက အရေးအကြီးဆုံးဖြစ်သလို၊ အရည်ဓာတ်ခန်းခြောက်တဲ့ လက္ခဏာကိုစောင့်ကြပ်ကြည့်ရှုခြင်းဖြင့် ကလေးရဲ့ အသက်အန္တရယ်ကို ကယ်တင်နိုင်တယ်လို့ ဆရာဝန်တစ်ဦး မှ ကန္တာရဝတီတိုင်း(မ်) ကိုဖြေကြားခဲ့ဖူးပါတယ်။

အရည်ဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေကတော့ မှိန်း၍ နှိုးရခက်ခြင်း (သို့) သတိလစ်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ အရည်ကောင်းစွာ မသောက်နိုင်ခြင်း၊ ကလေးငယ်ရဲ့ အရေပြားကို ဆွဲမကြည့်ရာတွင် အချိန်အတော်ကြာမှ နဂိုနေရာ ပြန်ရောက်ခြင်း တို့ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးငယ်တွေကို အရည်(စွပ်ပြုတ်ရည်၊ အုန်းစိမ်းရည်စသည်ဖြင့်) များများတိုက်ကျွေးတာ၊ ပုံမှန်ကျွေးနေကျ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစာတွေကို ဆက်လက်ကျွေးတာနဲ့ မိခင်နို့ဆက်တိုက်နိုင်တယ်လို့ အဆိုပါ ဆရာဝန်က ဆိုပါတယ်။

“ရာသီဥတု ပူတာရယ် ရေရှားတာရယ်ပေါ့နော်။ အဲ့ကြောင့်မို့ သူတို့နှစ်ခုပေါင်းစပ်သွားတော့ အများအားဖြင့် ရာသီတုပ်ကွေး ဖြစ်တယ်။ နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျောတွေ တော်တော်ဖြစ်ကြတယ်” လို့ ဒီးမော့ဆို အရှေ့ခြမ်းမှ စစ်ဘေးဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆရာမက ပြောပါတယ်။

ဒါတွေအပြင် ရေကျောက်ရောဂါ ယားယံမှုတွေလည်း ဖြစ်ပွားနေတာပါ။ ရေကျောက်ရောဂါဟာ နှာချေ၊ ချောင်းဆိုးတာကတဆင့် လေထဲမှာပါလာတဲ့ အမှုန်အမွှားတွေကနေ ကူးစက်နိုင်သလို၊ ချွဲတွေ၊ သွားရည် နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ရေကျောက်ရောဂါ ဖြစ်ပြီး (၄) ရက်ကျော်တဲ့အထိ ဖျားနေခြင်း၊ကိုယ်ပူချိန် (၁၀၂) ဒီဂရီ ဖာရင်ဟိုက် အထက် အဖျားတက်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း၊ မကြာခဏအန်ခြင်း ၊အသက်ရှူရခက်ခဲခြင်း ၊ ပြင်းထန်စွာ ချောင်းဆိုးခြင်းနှင့် ဗိုက်နာခြင်း ၊အနီကွက်အတွင်းမှ သွေးများထွက်လာခြင်း ဒါမှမဟုတ် အညိုအမည်းစွဲလာခြင်းတို့ ဖြစ်လာခဲ့ရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမြန်ဆုံး ပြသရမှာဖြစ်ပါတယ်။

ကရင်နီစစ်ရှောင်စခန်းနီးပါးတိုင်းဟာ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားယားယံတာတွေ ဖြစ်ပွားနေကြတာပါ။ ဒါဟာ ကျဉ်းမြောင်းတဲ့ နေရာထိုင်ခင်းမှာ နေထိုင်ရတာ၊ အာဟာရမပြည့်ဝတာနဲ့ သန့်ရှင်းတဲ့ရေမရရှိမှုကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေက မှတ်ချက်ပြုကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်း တွေ့မြင်ရတဲ့ ကန်ရေတစ်ခု။

ဆေးဝါးအခက်အခဲနဲ့ လုံလောက်တဲ့ကုသမှုမရရှိခြင်း။
ဒါတွေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်ပဋိပက္ခတွေကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ လို့ဆိုရမှာပါပဲ။ လက်ရှိအချိန်ထိ ကရင်နီပြည်မှာ စစ်ရှောင်ဦးရေ ၂ သိန်းခွဲရှိပြီး စစ်ရှောင်စခန်း ၂၀၀ ဝန်းကျင်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တဖက်မှာလည်း ရိက္ခာနဲ့ ဆေးဝါးသယ်ယူတဲ့နေရာမှာ စစ်ကောင်စီမှ ကန့်သက်ချက်တွေကြောင့် ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ဆေးဝါးပြတ်တောက်သွားမှာကို စစ်ဘေးဒုက္ခသည်တွေက စိုးရိမ်နေကြရတာပါ။

“ ဆေးဝါးကလည်း မြင့်တက်နေတယ်ပေါ့နော် ဈေးနှုန်းမြင့်တက်နေတာက တကြောင်း၊ ပြီးတော့ သယ်ယူပို့ဆောင်ရေးခက်ခဲတာက တကြောင်း၊ အဲဒါတွေ ပေါင်းမိပြီးရင် အခု စစ်ရေးအခြေအနေအရ ဘာမှပြောလို့မရဘူးဆိုတော့ တော်တော်လေးတော့ လူထုတွေအတွက် စိတ်ပူတယ်ပေါ့နော်။ နောက်ပြီးတော့ လုံးဝပြတ်တောက်မှု ဖြစ်လာမယ်ဆိုရင် လူထုအတွက် ကျန်းမာရေး စောင့်ရှောက်ဖို့အတွက် ပိုပြီးတော့ ခက်ခဲလာမယ်လို့တော့ အဲလိုမြင်တယ်။ ” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက သူနာပြုဆရာမတစ်ယောက်က မှတ်ချက်ပြုပါတယ်။

ကရင်နီပြည်က စစ်ဘေးရှောင်စခန်းအားလုံးနီးပါးဟာ ဘေးကင်းမယ်လို့ ယူဆကြတဲ့ တောတောင်ထဲမှာ စစ်ရှောင်ကြရင်း ရေရှားပါးမှုပြဿနာနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဆိုးဝါးစွာခံစားနေရဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts