spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရေအလှူရှင်တွေကို မျှော်နေရတဲ့ ဒေါဖုရွာ

Author

Date

Category


ခွန်းကလိုင်းဖရီး

ရေတစ်ပုံးရဖို့အရေး အချိန်တွေကုန်နေရပြီး အခြားအိမ်အလုပ်တွေပါပျက်ရတယ်လို့ ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ဒေါဖုကျေးရွာသူ ဒေါ်လူမြာက ပြောပါတယ်။

ဒေါဖုရွာဟာ အိမ်ခြေ ၅၀ နီးပါးရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီးတော့ ရွာကနှစ်စဉ်မှီခိုအသုံးပြုနေတဲ့ လျှိုကြားက စိမ့်စမ်းရေတွေ လက်ရှိမှာ ရေထွက်နည်းသွားလို့ သောက်သုံးရေရဖို့အတွက် ရွာသူ၊သားတွေ ရေဆိပ်မှာ အလှည့်ကျ အချိန်တွေအကြာကြီး တန်းစီစောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။

“ကျမတို့ရေသွားခပ်ပြီ တစ်ပုံးပဲ၊ မချိုးဘူး၊ ဒီတိုင်းပဲ သွားခပ်ပြီး ပြန်လာမယ် ခဏ လေးပဲ။ အိမ်မှာ စဉ်းစားပြီး ခန့်မှန်းထားတာတော့ တစ်မျိုး၊ ရေသွားကြည့်လိုက်တော့ လူအများကြီးဆို တစ်ပုံး ခပ်ဖို့အစား တစ်နာရီ၊ နှစ်ရီတောင်စောင့်ရတယ်။ ကျမတို့ အိမ်အတွက် အလုပ်ပြန်လုပ်ဖို့လည်း မသက်သာတော့ဘူးပေါ့။ ပြောရ မယ်ဆိုရင် ပြန်လုပ်ဖို့ အချိန်လည်း မရှိတော့ဘူး ဖြစ်နေတယ်။”

နှစ်စဉ်နွေရာသီမှာ ရေရှားပါးတဲ့ ဒေါဖုရွာရဲ့ သောက်သုံးရေအလုံအလောက်ရဖို့အတွက် နိုင်ငံတာကာ အန်ဂျီအို အဖွဲ့တစ်ခုက ၂၀၁၂ ခုနှစ်မှာ ရေလွှတ်ကန်ကြီးတစ်လုံးနဲ့ ရွာတွင်းရေလှောင်ကန်အသေး နှစ်လုံးတည်ဆောက်ဖို့ အကူ အညီပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ၉ နှစ်လောက်ကြာပြီဖြစ်လို့ ရေလွှတ်ကန်ကနေ ရွာအတွင်းက ရေလှောင်ကန်ထဲကို ပို့လွှတ်ပေးတဲ့ ရေပိုက်တွေလည်း ဆွေးမြေ့ကုန်ပြီလို့ ဦးကူးရယ်က ဆိုပါတယ်။

“အဲ့ဒီရေခေါင်းရေပိုက်ခေါင်းတွေ အစုံတော့ လုပ်ပေးတယ်။ ဒါပေမယ့် အဲ့ပိုက်တွေက ကျနော်တို့ နှင့်ခါသွား လှည့်လည်ခါကျတော့ ပိုက်ခေါင်းလည်း ပြုတ်ကုန်ပြီဖြစ်နေတယ်။ နောက်ပိုက်ခေါင်းလည်း ပြန်လှဲရမယ်ဆိုတော့ ကျနော်တို့ ပြန်ထုတ်ဖို့လည်း အဆင်မပြေတော့ဘူး။ ပြန်ထုတ်ဖို့ဆိုလည်း အစက ပိုက်မြုပ်တာက နှက်သွားလို့၊ နှက်တဲ့အခါကျတော့ ပြန်ထုတ်ဖို့က မလွယ်တော့ဘူး။”

ရွာအတွင်းရှိ ရေလှောင်ထဲရေမရောက်နိုင်တော့တဲ့အခါ ရွာသူ၊သားတွေက ရေဆိပ်အထိ သွားခပ်ကြတာကြောင့်လည်း ရေလှောင်ကန်ထဲကို ရေရောက်နိုင်ဖို့ ပိုပြီးခက်ခဲသွားတယ်လို့ ရွာမိ၊ရွာဖ တစ်ဦးက ပြောပါတယ်။

“အခုက ပိုက်ထဲမှာ ရေလည်းမလာတော့ဘူး။ ရေစိမ့်ထွက်တဲ့ဟာလည်း နည်းလာပြီကော။ နောက်နည်း လာတော့ အုတ်ကန်ထဲမှာ မရောက်လာဘူး။ မရောက်လာပေမယ့် ဟိုးချောင်းအထိ လိုက်ခပ်ရတာကော။ အဲ့လိုက်ခပ်ရင် ပိုတောင်မလာနိုင်တော့ဘူးဖြစ်နေတာ။”

အခုဆိုရင် သောက်သုံးရေရရှိဖို့ ၁၀ မိုင်လောက်ဝေးတဲ့ ကန်ခုနှစ်ဆင့်နဲ့ ၁၇ မိုင်ကျော်ဝေးတဲ့ ငွေတောင်ဆည်အထိပါ သွားနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလိုမျိုး မိုင်ဆယ်ချီဝေးတဲ့ နေရာအထိ အမြဲတမ်းမသွားနိုင်သလို လူတိုင်းလည်း မတတ်နိုင်ကြပါဘူး။ ဆိုင်ကယ်၊ ကားတွေ ရှိတဲ့ အိမ်ထောင်စုတွေကပဲ ဒီလိုမျိုး အဝေးကြီးအထိ သောက်သုံးရေသွားခပ်ဖို့ အားထုတ်နိုင်ကြတာပါ။

ရွာအနီးဝန်းကျင်မှာရှိတဲ့ လျှိုကြားက စိမ့်စမ်းရေတွေကို လျှိုပိတ်တမံတည်ဆောက်ပြီး ရေသိုလှောင်ထားနိုင်ရင် တော့ ရွာအတွက် အကျိုးရှိနိုင်တယ်လို့ ရွာခံတွေက ဆိုပါတယ်။

ရေလှူဒါန်းသူတွေကနေပြီးဒေါဖုရွာရှိ ရေလှောင်ကန်ထဲသို့ ရေများဖြည့်ပေးနေစဉ်။

လျှိုပိတ်တမံတည်ဆောက်ဖို့ လက်ရှိ NLD အစိုးရကို တင်ပြထားပြီးဖြစ်သလို ၂၀၁၆ ခုနှစ်မှာ ကယားပြည်နယ် လယ်ဆည်ဝန်ကြီး၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်ကွင်းဆင်း လေ့ခဲ့ဖူးပါတယ်။

ရပ်မိ၊ ရပ်ဖ ဦးပကူးက “၂၀၁၈ ကျရင် လုပ်ပေးမယ်အဲ့လိုမျိုးပြောခါကျတော့ သန့်ရှင်းရေးတွေ သွားလုပ်တယ်။ သစ်တွေသွား ခုတ်တယ်။ အဲ့ဒီပြောင်တဲ့နေရာ ကျနော်တို့လည်း အကုန်လုံးသွားကြည့်ပြီးပြီ။ ဒီနေရာလုပ်မယ်။ အောင်ပြီးသားပဲ။ မြေလည်း ဓါတ်ခွဲခန်းထည့်ဖို့ဆိုပြီးတော့ နေပြည်တော်မှာ ပို့ထားတာလည်း ရှိတယ်။ အဲ့ဒါ အကုန်လုံးအောင်တယ်တဲ့။ မရစရာအကြောင်းမရှိဘူးဆိုပြီးတော့အခုထက်ထိ ဒီ ၂၀၂၀ အထိ ဘာအကောင်အ ထည် မဖော်ဘူး ဖြစ်နေတယ်။”လို့ ဆိုပါတယ်။

သောက်သုံးရေရှားပါးတဲ့ ပြဿနာဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးဆိုးရွားလာပြီးတော့ အရင်နှစ်နဲ့ ဒီနှစ်အပါအဝင်ဆိုရင် ရေအလှူရှင်တွေကို မျှော်နေရတာ နှစ်နှစ်ရှိပြီလို့ ဦးကူးရယ်က ဆိုပါတယ်။

“ကျနော်တို့ အရင်တုန်းကဆို နွေအချိန်မှ ကျနော်တို့ စကေးနဲ့ဝေတာလေ။ အဲ့လာပို့ပေးတဲ့ လာလုပ်ပေးတဲ့ရေက၊ အခုကျတော့ ဒီဆောင်းတွင်းပဲရှိသေးတယ် စကေးနဲ့ဝေ၊ ရေတောင်မလာတော့ဘူးဖြစ်နေတော့ နောက်လာ မယ့်နှစ်ဆို ပိုဆိုးလာမှာလားလို့ အဲ့လိုမျိုးစိတ်ကူးနေရတာပေါ့။”

တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးမှန်းနားလည်ထားပေမယ့် ရေရှားပါးတဲ့အချိန်မှာ သောက်သုံးရေ အတွက်သာ ဦးစားပေးရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းသွားတယ်လို့ ဆိုပါတယ်။

“အခုခေတ်က သပ်သပ်နဲ့ပဲနေရမယ်။ လျှော်ဖွတ်ရမယ်။ ပြောတာပြောကြတယ်။ ဒါပေမယ့် ရေရှားနေကြ တော့လည်း ကိုယ်က သပ်ရပ်ချင်ပါတယ်။ လိုက်နာချင်ပါတယ်၊ စည်းကမ်းအတိုင်း ဒါပေမယ့် ရေလိုတာပေါ့နော်။ ရေမရှိတဲ့အခါကျတော့ ကျမတော့ ဘယ်လို သန့်ရှင်းရမှန်းမသတော့ဘူး။”လို့ ဒေါ်လူမြာက ဆိုပါတယ်။

ဒေါဖုရွာခံတွေဟာ ရေချိုးဖို့မဆိုသာပဲ ခြေလက်ဆေးကျောဖို့ကိုတောင် ရေကို နှမြောနေရတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်မမောင်းတတ်လို့ ရေသွားမခပ်ပေးနိုင်တဲ့အတွက် မိသားစုတွင်းမှာလည်း ရေနဲ့ ပတ်သက်လို့ မပြေ လည်မှုတွေ တွေ့ကြုံနေရတယ်လို့ ဦးကူးရယ်ကပြောပါတယ်။

“အိမ်ကမိသားစုဆိုရင် ရေက အခက်အခဲတွေ အများကြီးရှိတယ်။ မနက်မနက်ဆို အမျိုးသမီးက ထဆူရော၊ ကလေးလည်း အိမ်မှာ ချိုးစရာလူများတယ်ဖြစ်နေတော့ သူ့အမေတစ်ယောက်တည်း သွားခပ်နေတော့ သူလည်း မတတ်နိုင်ဘူး။ ကလေးသူ့ကိုလည်း မကူညီနိုင်ဘူးဖြစ်နေတာပေါ့။ နောက်သူက မနက်မနက်ဆို ထဆူ အဲ့မျိုးဖြစ် နေတယ်။”

လာမယ့် ရှေ့လတွေမှာ ရွာထဲက ရေလှောင်ကန်ထဲက ရေတွေလည်းကုန်၊ ရေထွက်ဦးစိမ့်စမ်းရေတွင်းလည်း ခမ်းမှာဖြစ်လို့ ရေအလှူရှင်တွေကို တမ်းတရတော့မှာဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုမျိုး ရေအလှူရှင်တွေရဲ့ အကူအညီတွေကိုပဲမျှော်နေရတာကြောင့် အားနားနေရတယ်လို့ ဦးပကူးက ဆိုပါ တယ်။

“မျှော်နေတာတော့ မျှော်နေတာပဲ။ ဒါပေမယ့် သူတို့ကိုပဲ အားကိုးမယ်ဆိုရင်တော့၊ နှစ်တိုင်းပဲ ရေလာလှူ မယ်ဆိုရင်တော့ ကျနော်တို့လည်း အားနာသွားတာပေါ့နော်။ အားနာတယ်ဆိုတာက အလှူရှင်တွေကတော့ လုပ်ပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ကျနော်တို့ ရေတွေရှိရင်တော့ ပိုကောင်းတာပေါ့။”

ရေအလှူရှင်တွေကိုပဲ နှစ်စဉ်မျှော်တာဟာ ရေရှည်အတွက်အဆင်မပြေနိုင်တဲ့အတွက် ကျေးရွာမှာ ရေအလုံအလောက်ရရှိဖို့ ဒီလာမယ့် အစိုးရသစ်ကနေ ကူညီပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။

လျှိုပိတ်တမံတည်ဆောက်ပြီး သောက်သုံးရေတွေကို ရွာအထိတွယ်ယူပေးနိုင်ရင် တစ်ရွာလုံးရင်ဆိုင်နေရတဲ့ ရေအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

သို့ပေမယ့်လည်း လတ်တလော ဒီရေရှားပါးတဲ့ကာလမှာတော့ ကျေးရွာသုံးသောက်သုံးရေရရှိရေးအတွက် ရေအ လှူရှင်တွေကိုပဲ မျှော်လင့်အားကိုးနေရအုံးမယ့် အခြေအနေဖြစ်ပါတယ်။

spot_img
spot_img

Recent posts