spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မြို့က ထပ်မံထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ၅၀၀ အတွက် မိုးကာနဲ့ ရိက္ခာလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း (ဇွန်လ ၂၆၊၂၇ ရက်နေ့) တွေကဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီး ထပ်မံ တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်လူထု (၅၀၀) ဝန်းကျင်ရှိနေတယ်လို့ ရွာသစ်ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် အဆိုပါ စစ်ရှောင်တွေအတွက် မိုးကာတွေ နဲ့ စားနပ်ရိက္ခာတွေ လိုအပ်ချက်ရှိနေတယ်လို့ လည်းသူကပြောပါတယ်။

“ အဓိက လိုအပ်ချက်ကတော့ အားလုံးလိုလိုဖြစ်နိုင်တာပေါ့။ ရိက္ခာတွေလည်း သူတို့ မယူအားဘူး။ အိုးခွက် ပန်းကန်တွေလည်း မသယ်အားဘူး။ ဘာမှမယူအားတော့ဘူးလေ။ ရှိတဲ့ဟာနဲ့ ဝေစားမျှစားကြတာပေါ့။ လောလောဆယ်မိုးကာတွေလည်း လိုမယ်။ စားဝတ်နေရေး အစစအရာရာလိုမယ်။ ဆေးဝါးတွေလည်း လိုမှာပဲ။ အခုတော့ မိုးတွင်းဆိုတော့ အခက်အခဲအမျိုးမျိုးရှိတယ်လေ။ ” လို့ ရွာသစ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် အသက်လု ပြေးခဲ့ရတဲ့အတွက် ရေရှည်စားနပ်ရိက္ခာအတွက် ယူဆောင်သွားနိုင်ခြင်းမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ရွာသစ်မြို့အနီးနားဝန်းကျင်မှာ ကနဦး စစ်ရှောင်နေတဲ့ ဒေသခံတွေအပြင် ထပ်မံစစ်ရှောင်လာတဲ့ စစ်ရှောင်အသစ်တွေ အားလုံးပေါင်း ၂ထောင်ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးနေတာရှိတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားက ပြောပါတယ်။

“ ရွာသစ် စစ်ရှောင်ကတော့ ကျနော်တို့ ပိုပြီးတော့ ခက်ခဲတယ်။ လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကနေ စရှောင်လိုက်တာ အခုဆိုလည်း ထောင်ကဏန်းကျော်သွားပြီပေါ့နော။ တော်တော်များများ ပြန့်ကျဲသွားတာရှိတယ်။ သူတို့ စားဝတ်နေရေးကတော့ ပိုကျပ်တည်းတယ်။အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ပိုခက်ခဲတဲ့အတွက်ကြောင့်မလို့ ထိုင်းနိုင်ငံထဲကို မရောက်တော့ဘူးပေါနော။ ပြည်တွင်းထဲမှာပဲ သွားလာလှုပ်ရှား ပုန်းအောင်းနေတဲ့အတွက်ကြောင့်မလို့ ကျပ်တည်းတယ်ဆိုတာ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့လည်း ဒီချိတ်ဆက်ပြီးတော့မှ ရှိနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် humanitarian လုပ်နေတဲ့ အဖွဲ့စည်းနဲ့ ချိတ်ဆက်ပြီးတော့မှ နိုင်တဲ့ဝန်ကိုတော့ ထမ်းဆောင်လျက်ရှိနေပါတယ်။ “ လို့ KSCC မှ လူသားချင်းစာနာထောက်ထားမှု ကော်မတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဗညားက ဆိုပါတယ်။

လက်ရှိစစ်ရေးအနေအထားအရ ရွာသစ်မြို့မှာ တိုက်ပွဲတွေ ထပ်မံဖြစ်လာနိုင်ပြီး ရွာသစ်မြို့ရဲ့ ဘုန်းကြီးကျောင်းအတွင်း ဒေသခံတွေပိတ်မိနေတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေက အဆိုပါ ရွာသစ်ဒေသခံတွေကို ဘုန်းကြီးကျောင်းမှ ထွက်ခွာခွင့်မပြုဘူးလို့လည်း လို့ အဆိုပါ ဒေသခံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ကျေးရွာထဲကနေ ထွက်ဖို့ ကြိုးစားတဲ့လူတွေကိုလည်း စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိနေတာကြောင့် ပြည်သူ (၄) ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ပြည်သူလေးဦးသေဆုံးတာနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွာသစ်မှာ ဖြစ်ပွားတဲ့ ဇွန်လ (၂၇)ရက်နေ့တိုက်ပွဲမှာတော့ စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခဲ့သလို နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေနေကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ရွာသစ်အနီးမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။

spot_img
spot_img

Recent posts