spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဆုတ်သွားပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် မြို့ခံတွေ နေအိမ်ပြန်လာမနေထိုင်ရဲသေး၊ မြို့ခံများ စားနပ်ရိက္ခာ အခက်ကြုံနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ရွာသစ်မြို့အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်ဆုတ်သွားခဲ့ပေမဲ့ သူတို့တပ်စွဲထားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် မြို့ခံတွေဟာ နေအိမ်ကို ပြန်လာမနေထိုင်ရဲသေးဘူးလို့ သိရှိရပါတယ်။

“ပြန်လာမနေသေးဘူး။ မိုင်းတွေထောင်ထားကြတော့။” လို့ ရွာသစ်မြို့ဒေသခံတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ညမှာ တပ်ဆုတ်သွားပြီး တော်လှန်ရေးအင်အားစုတွေကနေ မြို့ပြစစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီက သူတို့ရဲ့ တပ်တွေကို မြို့ပြစစ်ဆင်ရေး ခုခံဖို့အတွက် ပြန်လည်ဆုတ်ခွာစေခဲ့တာ ဖြစ်တယ်လို့ ကရင်နီပြည်တပ်မတော်ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ရွာသစ်မြို့ထဲမှာ ရန်သူတွေ မရှိတော့ဘူး၊ ပြန်ဆုတ်ပြီ၊ အဲ့ဒီမှာ ခမရ ၅၁၅ က စကခ ၂ လက်အောက်က၊ သူတို့ ဟိုး..ဘောလခဲ ဖက်ကို ပြန်ဆုတ်သွားပြီ။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ရွာသစ်မြို့အခြေအနေနဲ့ ပတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

ရွာသစ်မြို့တွင်းမှာ ဘုန်းကြီးကျောင်း လေးကျောင်းရှိနေတာကြောင့် လက်ရှိအချိန်အထိ ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်ကြဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရွာသစ်မြို့တွင်းမှာ မြို့ခံလူထု ငါးရာဝန်းကျင်ရှိနေပြီး စားဝတ်နေရေးအတွက် နွေစပါးကို တနိုင်တပိုင် ပြန်လည်စတင်စိုက်ပျိုးနေကြပေမဲ့၊ လတ်တလောအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုလည်း ရှိနေတယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ တချို့မိသားစုတွေတော့ ဆန်တွေမရှိတော့ဘူးလို့ ကြားတယ်။ စိန်ခေါ်မှုတွေတော့ မပြောတတ်တော့ဘူး။ ဆန်တွေ၊ ရိက္ခာတွေ ပြတ်လပ် နေတယ်လို့ ပြောရမှာဘဲ။” လို့ ရွာသစ်မြို့ဒေသခံတွေနဲ့ နီးစပ်သူတဦးက လက်ရှိမှာ ရွာသစ်မြို့ခံတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားတဲ့ ကရင်နီပြည် ဘောလခဲခရိုင် ရွာသစ်မြို့အတွင်းမှာ မြို့ခံ ၅၀၀ ဝန်းကျင်ပိတ်မိနေခဲ့ပြီး စစ်ကောင်စီတပ်တွေက မြို့ခံတွေကို မြို့ပြင် ထွက်ခွင့်တွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ထွက်ခွာဖို့ ကြိုးစားခဲ့တဲ့ အရပ်သားတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ပြီး ၆ ဦးအထိ သေဆုံးခဲ့ရတာလည်း ရှိပါတယ်။ ဒါ့အပြင် မိန်းကလေးငယ်တဦးမှာ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုတဦးမှာလည်း သေဆုံးတာလည်း ရှိခဲ့တာကြောင့် ဒီဇင်ဘာလအထိ ရွာသစ်မြို့မှာ သေဆုံးသွားတဲ့ အရပ်သား ၈ ဦးအထိ ရှိလာခဲ့ပါတယ်။

spot_img
spot_img

Recent posts