spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွာသစ်မြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများ ကြောက်ရွံ့ပြီး တိမ်းရှောင်နေရ

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇွန်လ ၂၅ ရက်နေ့) ညနေ ၆ နာရီဝန်းကျင်မှာ ကရင်နီပြည် ရွာသစ်မြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ကြဲချတာကို ရွာထဲကနေ လှမ်းမြင်ရတာ။ ၆ နာရီ ထိုးခါနီး လာချတယ်။ ၆ လုံးလောက်။ အထိအခိုက်တော့ ဘာမှ ကြားရသေးဘူး။ ရွာသစ်မြို့အပြင်ဘက်မှာ။ မနေ့ကတော့ ပစ်ကြတယ်။ စစ်ကြောင်းထိုးလာလို့။ ဒါပေမယ့် လေယာဉ်ပစ်ချတဲ့နေရာနဲ့ ဝေးပါတယ် မိုင်အနည်းငယ်လောက်ပေါ့။ လေယာဉ်နဲ့ ပစ်ချပြီးနောက်ပိုင်း ဆက်တိုက်ထုနေတယ်။ လက်နက်ကြီးကော၊ လက်နက်ငယ်ကော။” လို့ ရွာသစ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရွာသစ်မြို့ရဲ့ အနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပေမယ့် ရွာသစ်မြို့ထဲမှာတော့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် လေကြောင်းတိုက်ခိုက်မှာကို စိုးရိမ်ထိတ်လန့်ကြပြီး ကြိုတင်တိမ်းရှောင်နေကြသူတွေ ရှိတယ်လို့ သိရပါတယ်။

“ပြည်သူတွေက မိုးရေထဲ ရှောင်နေကြရတယ်။ လေယာဉ်ကြောက်လို့ ရှောင်ကြတာ။ ဒီညနေတော့ လာပစ်တယ်။ ဘုန်းကြီးကျောင်းတို့၊ ဂူထဲတို့ ရှောင်ကြတာ၊ တချို့ကလည်း ကျင်းထဲ ဝင်အိပ်ကြတယ်။” လို့ အဆိုပါ မြို့ခံအမျိုးသားက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ကရင်နီပြည်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ နှစ်သိန်းခွဲကျော်အထိ ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွင်းကို ခိုလှုံလာတဲ့ စစ်ဘေးရှောင်လူထု သုံးထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

spot_img
spot_img