spot_img
Thursday, December 8, 2022
spot_img

ရွေ့လျား စစ်ဘေးရှောင်ခဲ့ရတဲ့ အမျိုးသမီး

spot_imgspot_imgspot_imgspot_img

(ကန္တာရဝတီတိုင်း(မ်))

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ပြည်သူသိန်းချီပြီး စစ်ဘေးတိမ်းရှောင်ရတဲ့အထဲမှာ ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသမီး စမူ (နာမည်လွှဲ) တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

စမူဟာ ၂၀၂၁ ခုနှစ် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မေလလောက်ကတည်းက နေရပ်ကနေ စစ်ဘေးတိမ်းရှောင်လာခဲ့ရတာ ခုဆိုရင် နှစ်နှစ်နီးပါးအချိန်အတွင်းမှာ နေရာ (၅) နေရာလောက်ကို ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

“အခက်အခဲအများကြီးကြုံရတယ်။ ကိုယ့်မိသားစုလည်း များခါကျတော့လည်း ဆိုင်ကယ်နဲ့ ပဲပေါ့နော်။ တခါလေ ကားငှါးရတယ်။ ပထမ ကျမတို့ စောင်တုံမှာ သွားတုန်းကဆို ကားတစ်သိန်းနဲ့ ငှါးရတယ်။ နောက်အခုဆိုလည်း ကြုံရာကားပေါ့နော်။ ဆိုင်ကယ်ဆိုလည်း ဆိုင်ကယ်မဆံ့လို့ရှိရင် ကပြာကယာထွက်ပြေးနေရင် ကြောင်တယ်ကော။ ဒီစစ်ကြောင်းထိုးပြီဆိုရင် ကြောက်စိတ်တအားဝင်ခါကျတော့ ကြုံရာကားကို ငှါးနိုင်ရင် ငှားပေါ့။ မငှားဘူးဆိုလည်း သူ့အဖေက ဆိုင်ကယ်နဲ့ နှစ်ခါ သုံးခါနဲ့ လိုက်ပို့ရတယ်။ မိသားစုက (၆) ယောက်ရှိခါကျတော့ အဲ့မျိုးအခက်အခဲကြုံရတယ်။” လို့ စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။

ခုလို မကြာခဏ​ရွှေ့ပြောင်းရာကနေ အခုကတော့ ဖယ်ခုံမြို့နယ်က စစ်ရှောင်စခန်းတစ်ခုမှာ ၆ လကျော်လောက်နေထိုင်ရပြီး အထိုင်ကျလာပြီလို့ ဆိုပါတယ်။

စမူမှာ သားသမီး ၄ ယောက်ရှိပြီး ၃ ယောက်ကတော့ တခြားနေရာမှာ ကျောင်းတက်ဖို့ ပို့ထားပြီးတော့ (၅) နှစ်မပြည့်သေးတဲ့ အငယ်ဆုံးသားတစ်ယောက်ကတော့ ကျောင်းတက်လို့မရသေးပဲ သူနဲ့အတူ စစ်ရှောင်စခန်းထဲက တဲမှာပဲ အတူနေထိုင်ကြပါတယ်။

စမူအမျိုးသားကတော့ မိသားစုနဲ့အတူ မနေထိုင်နိုင်ပဲာ ကျောင်းတက်နေတဲ့ ကလေး (၃) ယောက်ရဲ့ ကျောင်းစရိတ်၊ စားစရိတ်အတွက် တခြားအလုပ်ရှိတဲ့ နေရာကို သွားပြီး အလုပ်ရှာလုပ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားလည်း မရှိတဲ့အတွက် စမူနဲ့ သူ့သားငယ် နှစ်ယောက်တည်း နေထိုင်နေပြီး အခြားအလုပ်အကိုင်လည်း မရှိတဲ့အတွက် အိမ်မူကိစ္စတွေနဲ့ပဲ တနေ့တနေ့ အချိန်ကုန်နေရတယ်လို့ ဆိုပါတယ်။

“ဒီမှာဆို မိုးတွေ အချိန်ပြည့်ရွာ တနေကုန် တနေကုန်၊ ကလေးကို နည်းနည်း မျက်ခြေပြတ်ပြီ ဆိုလို့ရှိရင် ရွံ့ဗွက်သွားလူးရင် လူးတယ်။ ရေသွားကူးတယ်။ တနေကုန် ကလေးသန့်ရှင်းရေး၊ ကလေးအဝတ်လျှော် သန့်ရှင်းရေး၊ ထင်းလိုလို့ရှိရင် ထင်းရှာတယ်။ ဒါပဲအလုပ်အကိုင်ရှိတယ်။ သန့်ရှင်းရေး၊ ကလေးအဝတ်လျှော်၊ ရေချိုးပေးနောက် ထင်းရှာ၊ ထမင်းချက်၊ ဟင်းချက် ဒါပဲ။ “

စမူတို့စခန်းဟာ အလှူရှင်တွေကိုပဲ မှီခိုနေရပြီး တောတောင်ထဲနေတာကြောင့် အလှူရှင်တွေ အရောက်အပေါက်နည်းလို့ စားနပ်ရိက္ခာတွေ ပြတ်လတ်မှာကိုလည်း သူက စိုးရိမ်နေပါတယ်။

“ကျမနေတဲ့ စခန်းက လမ်းပန်းဆက်သွယ်ရေး တအားခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေး တအားခက်ခဲခါကျတော့လည်း အလှူရှင်တွေလည်း လာဖို့ မလွယ်ဘူးပေါ့နော်။ ပြောရမယ်ဆိုရင် စိုးရိမ်ရတယ်။ အလှူရှင်သာ မလာနိုင်ဘူးဆိုရင် တနေ့တချိန်ကျရင် ဘာစားရမလဲ၊ ဘာသောက်ရမလဲနောက် ဒီစစ်ဘေး ရှောင်ရတာ ကြာလည်းကြာပြီရော၊ ကြာလည်း ကြာခါကျတော့ ကျမတို့လည်း အလုပ်အကိုင်အခွင့် အလမ်းမရှိဘူးပေါ့။ ဘာလုပ်ရမလဲ ဘာကိုင်ရမလဲ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိခါကျတော့ တော်တော်စိုး ရိမ်ရတယ်။”

ဝင်ငွေမရှိပေမယ့် စမူရှိရာ စစ်ရှောင်စခန်းကို တစ်လ တကြိမ်လောက် ဆရာဝန်လာရောက်ကြည့်ရှုပေးတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုရလို့ ဆေးဖိုးဝါးခအတွက် သက်သာရာရပါတယ်။

စစ်ရှောင်ရတာကြာလာပြီဖြစ်လို့ မိမိနေရပ်မှာ စမူတစ်ယောက် မိသားစုနဲ့အတူ စုံစုံလင်လင်ပြန်နေချင်တာကြောင့် အရေးတော်ပုံအောင်ဖို့ ဆုတောင်းနေရပါတယ်။ ဘဝတူ စစ်ရှောင်မိသားစုတွေကိုလည်း အားတင်းထားကြဖို့ သူက ပြောပါတယ်။

“ကိုယ်တစ်ယောက်တည်း ရှောင်ရတာလဲမဟုတ်ဘူး။ တခြားလူလည်း ကိုယ့်လိုမျိုးပဲ ဒုက္ခခံနေရတယ်။ အခက်အခဲပေါင်းများစွာ ဒုက္ခရင်ဆိုင်နေရတယ်။ တောထဲ တောင်ထဲမှာပဲသွားနေနေရတယ်။ နောက်ဘယ်လို ပြောရမလဲ အရေးတော်ပုံ မြန်မြန်အောင်နိုင်ပါစေ။ ဆုပဲဆုတောင်းနိုင်တယ်။ တခြားစစ်ရှောင်တွေလည်း အားတင်းထားပါလို့ပဲ ပြောချင်ပါတယ်နော်။”

Related Stories