spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရွေးကောက်ပွဲကျင်းပဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအနေနဲ့အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံ ပုဒ်မ ၄၁၇ အရ သတ်မှတ်ကာလ လွန်မြောက်ချိန်၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရွေးကောက်ပွဲမဖြစ်မနေ ကျင်းပပေးရန် ရှိကြောင်း၊ သို့ရာတွင် ထိုသို့ ဆောင်ရွက်နိုင် ရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်မှုများ မရှိရန် အဓိက အရေးကြီးသည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း”

စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဝက်ဆိုဒ်မှာ ဖေဖော်ဝါရီလ ၃ရက်နေ့က သတင်းဖော်ပြ ချက်မှာ ပြောထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်တဲ့အဖွဲ့က လွိုင်ကော်တပ်နယ်နဲ့ ဖယ်ခုံ တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး အထက်ပါအတိုင်း ပြောဆိုသွားတာဖြစ်ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုကြောင့် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၄၁၇၊ ၄၁၈၊ ၄၁၉ တို့အရ နိုင်ငံကိုထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်မှာ စစ်ကောင်စီက PRစနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကရင်နီပြည်နယ်မှာ ခရိုင် ၂ခုထပ်မံတိုးထားပြီး တိုင်းဒေသ/ ပြည်နယ်အသီးသီးမှာ ၄၂ခရိုင်ကိုတိုးချဲ့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လူထုလက်မခံတဲ့ ရွေးကောက်ပွဲကိုပြုလုပ်တာဟာ မဖြစ်သင့်ဘဲ အာဏာရှင်ပီပီ ကြံဖန်ပြီးပြုလုပ်တဲ့ PR စနစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးက ပြောပါတယ်။

“မဖြစ်သင့်တဲ့ဟာ ဒါကတော့ သူတို့ကိုယ်သူတို့ကာကွယ်တာပေါ့နော ကာကွယ်တယ် ထွက်ပေါက်ရှာတယ် ကျနော်ဒီလိုပဲမြင်တယ်လေ။ အမှန်ဆို ခရိုင်တို့ဘာတို့ တိုးချဲ့တာ သူတို့နဲ့မဆိုင်ဘူး ဒါလူထုနဲ့ဆိုင်တယ်။ လူထုလုပ်ရမယ့်အလုပ်။ ဒေသခံသဘောထားနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာက လူထုလက်ထဲမှာရှိတယ် သူတို့သွားလုပ်လို့မရဘူး။ အဲ့ဒါကြောင့် ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ဟာပဲ အာဏာရှင်ပီပီ သူ့သူ ကြံဖန်ပြီးလုပ်တဲ့ဟာပဲပေါ့။ သူတို့ထွက်ပေါက်ရှာတယ် လူထုကိုလှည့်စားတယ် အဲ့လိုပဲမြင်ပါတယ်။အကျိုးလည်းဖြစ်ထွန်းမှာမဟုတ်ဘူး ပိုပြီးဆိုးသွားအုံးမယ်။”

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်တဲ့အဖွဲ့က ကရင်နီပြည်နယ်အတွင်းခရီးစဉ်မှာလွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်တွေ စစ်ကောင်စီခန့် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတ၊ ပြည်နယ်အတွင်းရှိခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း၊ မြို့မိမြို့ဖတွေနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက NUG၊ CRPH၊ PDFတွေကို အကြမ်းအဖွဲ့အစည်းလို့ ပြောဆိုပြီး တည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့ အချို့မီဒီယာက လူမှုကွန်ယက်စာမျက်နှက်မှာ မဟုတ်မမှန် သတင်းတွေကို ရေးသားဖော်ပြလျက်ရှိပြီး စစ်ကောင်စီက သတင်းမှန်တွေကို နိုင်ငံပိုင်သတင်းမီဒီယာကနေ အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်ပြသလျက်ရှိတယ်လို့ စစ်ကောင်စီက သတင်းဖော်ပြပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီကို ခိုင်မာအောင် ထိန်းသိမ်းပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ရာမှာလည်း စစ်ဘက်နဲ့ အရပ်ဘက်ကို မျှတစွာ ဖွဲ့စည်း၍ တိုင်းရင်းသားများလည်း ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း စည်းရုံးဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts