spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှစ်ကြိမ်မြောက် “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွှန်းအကိုးအကား” စာအုပ်ကို BNI မိတ်ဆက်

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတကာမြန်မာ့သတင်း (BNI) ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ Myanmar Peace Monitor (MPM) ကနေ ထုတ်ဝေတဲ့ ရှစ်ကြိမ်မြောက် “မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွှန်းအကိုးအကား ၂၀၂၂-၂၀၂၃” စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေတဆင့် ပြုလုပ်သွားပါတယ်။

ပြည်သူတွေရဲ့အသံတွေကို ထင်ဟပ်စေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို သတင်းတွေ အချက်အလက်တွေကတဆင့် ထောက်ပြပြီး မြန်မာ့နိုင်ငံရေးကို လေ့လာနိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်တယ်လို့ BNI ရဲ့ မန်နင်းဂျင်းဒါရိုက်တာ မတင်တင်ညိုက စာအုပ်ထုတ်ဝေရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပြောဆိုပါတယ်။

“မြန်မာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့နိုင်ငံရေးကို အခြေခံကနေစပြီးတော့မှ လေ့လာချင်ကြတဲ့ ဘယ်သူမဆို အဆင်ပြေစေမယ့် မှီငြမ်းကိုးကားနိုင်မယ့် စာအုပ်တစ်အုပ်အနေနဲ့ ရည်ရွယ်တယ်။ ဆိုတော့ ဒီစာအုပ်တစ်ခုကို ဖတ်ကြည့်လိုက်တာနဲ့ မြန်မာ့နိုင်ငံရေးအနေအထားတွေနဲ့ ငြိမ်းချမ်းရေးအခြေအနေတွေ လုပ်ဆောင်မှုတွေကို သိရှိနိုင်မယ့် အနေအထားရှိတယ်ပေါ့နော။ ဒါကြောင့်မလို့ ကျမတို့က အားလုံးတစ်စုတစ်စည်းထဲ လွယ်လွယ်ကူကူနဲ့ ရရှိနိုင်ဖို့ အခုလို စာအုပ်ထုတ်ပြီးတော့မှ ဖော်ပြရခြင်းဖြစ်ပါတယ်။”လို့ မတင်တင်ညိုက ဆိုပါတယ်။

BNI – MPM ဟာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်၊ အဖွဲ့အစည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဦးတည်ရာ၊ အရွေ့အပြောင်းတွေကို ပိုမိုနားလည်စေရန်အတွက် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွှန်းအကိုးအကား “ စာအုပ်ကို ၂၀၁၃ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မိတ်ဆက်တဲ့ စာအုပ်ကတော့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက်ဖြစ်ပြီး ရှစ်ကြိမ်မြောက် စာအုပ်ဖြစ်ပါတယ်။

စာအုပ်ပါအကြောင်းအရာတွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းအသစ်အား မျှော်ကြည့်ခြင်း၊ စစ်အာဏာသိမ်းကာလအတွင်း ဇတ်ကောင်အသစ်များ၊ နွေဦးတော်လှန်ရေးတပ်ဦး သို့မဟုတ် NUCC အခန်းကဏ္ဍ၊ တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ဘေးရှောင်အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှတ်တမ်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြောင်း၊ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ နိုင်ငံတကာအခန်းကဏ္ဍ စတဲ့ အကြောင်းအရာပါ စာမျက်နှာပေါင်း ၃၀၀ နီးပါး ပါဝင်ပါတယ်။

ဒီကနေ့ အွန်လိုင်းကနေ ပြုလုပ်သွားတဲ့ စာအုပ်မိတ်ဆက်ပွဲကို BNI တာဝန်ရှိသူတွေ၊ သတင်းဌာနတွေ အပါအဝင် ဖိတ်ကြားထားတဲ့သူတွေ စုစုပေါင်း ၄၀ဝန်းကျင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img