spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းတောင်တိုက်ပွဲမှာ နှစ်လအတွင်း စစ်ကောင်စီဖက်မှ အရာရှိ၊ စစ်ကြောင်းမှူးအပါအဝင် (၆၂)ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ်ဖက်မှာ ဧပြီလ ၁ ရက်နေ့ကနေ ဇွန်လ ၂ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ အရာရှိနဲ့ စစ်ကြောင်းမှူးအပါအဝင် ၆၂ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ကဇွန်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတွေဟာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း လွယ်ဟွဲနဲ့ လွယ်လုံကျေးရွာကနေ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နဲ့ စက်တော်ရွာဖက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ လတူးဖက်ကနေ စစ်ကြောင်းတစ်ကြောင်း နဲ့ ထိုးစစ်ဆင်လာပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်မှုများခဲ့တဲ့ စစ်ကောင်စီက မေလ(၁)လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၉)ကြိမ်အထက်ပြုလုပ်ခဲ့ပြီး ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇) နဲ့ ဖယ်ခုံမြို့အခြေစိုက် ၃၃၆ တပ်ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် (၃၀) ကျော် ပျက်စီးခဲ့တယ်လို့ KNDF တပ်ရင်း (၁၁) က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

ဓာတ်ပုံ – ဖယ်ခုံ PDF

၂လကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဖက်ကလည်း အကျအဆုံးများခဲ့ပါတယ်။ KNDF မှ တပ်ဖွဲ့ဝင် (၇)ဦး နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှလည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်မှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ စ၍ တောင်မဲသင်း၊ လယ်ကြား၊ လုံးပြင်၊ နန်းနိမ်၊ စလုံးမြောက် နေရာတစ်ကြောကို စစ်ကောင်စီက စစ်ကြောင်းထိုးတပ်ဖြန့်ခဲ့သလို လွယ်ဝှဲ ၊ လွယ်လုံ ၊ စက်တော်၊ လတူး တို့ဖက်တစ်ကြောကို စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိအချိန်ထိ စက်တော်စေတီတောင်ပေါ်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ- ပင်လောင်းနယ်စပ်တိုက်ပွဲတွေမှာ KNDF တပ်ရင်း(၃) ၊ (၁၁)၊ (၂၂)၊ ကရင်နီတပ်မတော်(KA)၊ ဖယ်ခုံ PDF၊ DMO-PDFs၊ မိုးဗြဲ PDF၊ အလယ်ပိုင်းအထူးတပ်ဖွဲ့ တို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တပ်စွဲခဲ့တဲ့ နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဖြစ်ပွားပြီးခဲ့တဲ့ နေရာတွေကို ဒေသခံတွေအနေနဲ့ မသွားလာကြဖို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားကြပါတယ်။

spot_img
spot_img

Recent posts