spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်တောင်ပိုင်း ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀၀ ကျော် သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်းဖက်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီဖက် စစ်ကြောင်း အများဆုံး (၆)ကြောင်းအထိ ထိုးစစ်ဆင်နေတာတွေရှိပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေထဲ နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေရှိပြီး စစ်ကောင်စီဖက် ၁၀၀ ကျော် သေဆုံးမှု ရှိနိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဌ ခွန်းဘီထူးက ကန္တာရဝတီတိုင်း(မ်)နဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောပါတယ်။

“ မြှုပ်ထားတဲ့ အလောင်းတွေရော ကျန်ရစ်ခဲ့တဲ့အလောင်း မမြှုပ်နိုင်ခဲ့တဲ့ အလောင်းတွေကို ရေတွက်ရင်တောင် ၁၀၀ နီးပါးဖြစ်သွားတယ်ပေါ့နော။ တချို့သော အလောင်းတွေက ပြန်သယ်ပြန်တာတို့ပေါ့နော။ သူတို့ စခန်းတွေ ပြန်ရောက်မှပဲ ကျဆုံးတာတို့ ရှိနိုင်တယ်ပေါ့နော။ အဲ့တော့ စစ်ကောင်စီဖက်က ထိခိုက်ပျက်စီးမှုတွေက အနည်းဆုံး ၁၀၀ ဝန်းကျင်လောက်တော့ သေချာပေါက်ခန့်မှန်းနိုင်တယ်ပေါ့နော။ ကျနော်တို့ မြေပြင်ရဲဘော်တွေရဲ့ သတင်းပေးပို့မှုကတော့ ဒီထက်များပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျစဉ်းစားရင်တော့ အဲဒီအရေအတွက်လောက်ကို အတည်ပြုလို့ရပါတယ်ခင်ဗျာ။ “

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း စစ်ကောင်စီ အင်အား ၆၀၀ လောက်ရှိပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကို ခုခံရင်း တိုက်ပွဲဖြစ်နေတာ ၄ ပတ်ကြာ ရှိပြီဖြစ်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ စစ်ကြောင်းထိုးနေတဲ့ အထဲ တပ်မ ၆၆ အပါအဝင် တပ်မ ၅၅၊ တပ်မ ၉၉ နဲ့ စကခ (၂) ၊ စကခ (၁၈) တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ကြောင်းတွေကို နေပြည်တော်ကနေ တိုက်ရိုက်ညွှန်ကြားတာဖြစ်ပြီး တောင်ကြီးတိုင်းမှူးတွေမှာလည်း တာဝန်အပြည့်အဝရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထိခိုက်မှုတွေမှာ တပ်ရင်းမှူးအဆင့် ဒဏ်ရာရတာတွေ ရှိသလို တပ်ကြပ်အဆင့်တွေရဲ့ အလောင်းတွေကို အတည်ပြုနိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။

ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ မတ်လ ၈ရက်ကနေ ၁၆ရက်အထိ ၉ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဖက် ကျဆုံးမှုမှာ အရာရှိပါဝင်တာလည်းရှိတယ်လို့ ဖယ်ခုံPDFက မတ်လ ၁၇ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာရှိပါတယ်။

“ ၃ပွင့်နဲ့ ဗိုလ်ကြီး တပ်ကြပ်တွေကော ဒု-တပ်ကြပ်တွေကော တပ်ကြပ်ကြီးတွေလည်းပါတယ်။ “ လို့လည်း ဖယ်ခုံ PDFတပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို မတ်လ ၁၄ရက်နေ့မှာ ဖြေကြားပါတယ်။

မတ်လ ၁၂ရက်နေ့မှာ ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်း ကုရင်ကျေးရွာအုပ်စု ထဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုအနား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်မှုမှာ စစ်ကောင်စီ တပ်သားအလောင်း ၅လောင်းတွေ့ရှိပြီး KNDFတပ်ရင်း (၃) ရဲဘော် ၂ဦးနဲ့ ဖယ်ခုံPDF တပ်ရင်း(၂) ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တယ်လို့ KNDFက မတ်လ ၁၅ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မတ်လအတွင်း မှာ စစ်ကောင်စီဖက် လေကြောင်းအသုံးပြုတိုက်ခိုက်မှု တွေလည်း ရှိခဲ့ပါတယ်။

“ မတ်လထဲမှာပေါ့နော စစ်ကောင်စီဖက်က ရဟတ်ယာဉ် အနည်းဆုံး ၁၅ ကြိမ်လောက်သုံးတယ် နောက် ဒီ လေယာဉ်ပေါ့နော အနည်းဆုံး ၁၀ ကြိမ်လောက်ကို တစ်စီးတစ်စီးကို တခါတလေ ၂ နေရာပစ်တဲ့ဟာမျိုးတွေ ကြုံရတယ်ပေါ့နော။ ပြီးခဲ့တဲ့ ရက်တွေဆိုရင် ဒါ ဖယ်ခုံဖက်မှာ ရွာတွေကို ရွာထဲကိုပေါ့နော ဒါ လေယာဉ်နဲ့ ပစ်တယ် နန်းနိမ်ရွာမှာဆိုရင် လေယာဉ်နဲ့ ပစ်တာတွေ နောက် ဒီ ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ဒီးမောဆို ရွာထဲမှာဘဲပေါ့နော ဒီ လမ်းဆုံလမ်းခွမှာ ပစ်တာတွေ ကျနော်တို့ တွေ့ရတယ်ပေါ့နော။ ဒါက လေယာဉ်ကို အလွန်အကြူးသုံးပြီးမှ သူတို့ တိုက်ခိုက်မှုတွေ လုပ်နေတယ်။ အဲ့ဒီ တိုက်ခိုက်မှုတွေမှာလည်း အရပ်သား၊ ရွာသားတွေကို မခွဲခြားတော့ဘဲ တိုက်ခိုက်မှုတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့နော။ ”လို့ ခွန်းဘီထူးက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၁၂ရက်နေ့ ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကနေ အဖိုး၊အဖွား ၂ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ၇တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်မှုအပြင် ကရင်နီပြည်တွင်းမှာလည်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်တာရှိသလို နယ်စပ်ဒေသဖက်မှာဆိုရင်လည်း စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာတွေလည်း ရှိနေပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းဖက်မှာလည်း မတ်လ ၉ရက်နေ့ကနေစပြီး စစ်ကောင်စီဖက် စစ်ကြောင်း၃ကြောင်း ထိုးစစ်ဆင်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိနေပါတယ်။ ထိတွေ့တိုက်ပွဲတွေမှာ KAရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီဖက် ၃၀ ဝန်းကျင် ကျဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် ၂၀၂၃နှစ်ဦးပိုင်းအထိ စစ်ကောင်စီတပ်အင်အား တစ်ထောင် နီးပါးရှိနေပြီး မတ်လလောက်မှာ စစ်ကောင်စီဖက် အင်အား တစ်ထောင့်ငါးရာ(၁၅၀၀)ခန့် ထပ်မံ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာြဖစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts