spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တွေမှာခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ရှောင်တွေဆီကို အလှူရှင်ရောက်ရှိမှု နည်းလာတဲ့ အတွက် ရိက္ခာတွေကို မပေးဝေနိုင်တော့တာတွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

“ လောလောဆယ် ဒီဖက်မှာ ရှောင်လာတဲ့ စစ်ရှောင်ခပ်များများတော့ ဒီပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ အလှူရှင်တွေ၊ မိသားစုအလိုက်လာတာတွေ၊ ပြီးတော့ ကျေးရွာအလိုက်လာတာတွေ၊ ဒေသအုပ်စုအလိုက် လာလှူတယ်။ အဲလို အလှူရှင်တွေနဲ့ ကျနော်တို့ runနေတာပေါ့နော။ တကယ့် အလှူရှင်ကြီးကြီးမားမားလာလှူတာ တစ်ခါလောက်ပဲကြားဖူးတယ်။ ကျန်တဲ့ဟာတွေတော့ လာလှူတာမရှိဘူး။ အထူးသဖြင့်နောက်ပိုင်းမှာ အလှူရှင်တွေတောင်မရှိတော့ဘူး။ ရပ်နီးရပ်ဝေးကစ အလှူရှင်မရှိတော့ဘူး။ သူတို့ လှူထားတဲ့ ဆန်တွေလည်း လောလောဆယ် controlလုပ်ထား ထိန်းထားပေးတယ်။ “ လို့ ပင်လောင်းစစ်ရှောင်အခြေအနေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ပင်လောင်းမြို့နယ်မှာတော့ စစ်ရှောင် ငါးထောင်ကျော်ရှိနေတာဖြစ်ပါတယ်။ ပင်လောင်းမြို့နယ်ထဲ တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ နန်းနိမ် စတဲ့ကျေးရွာတွေ စစ်ရှောင်နေကြရတာဖြစ်ပြီး ၃လကြာရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်ထဲကနေ လာရောက်စစ်ရှောင်နေသူတချို့လည်း ရှိပါတယ်။

ဆီဆိုင်မြို့ထဲမှာတော့ ကရင်နီပြည်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ စတဲ့ နေရာတွေက စစ်ရှောင်တွေ ခိုလှုံနေကြပါတယ်။

တချို့စစ်ရှောင်တွေကတော့ စားဝတ်နေရေးအတွက် နေ့စား အလုပ် လုပ်ကိုင်နေကြပေမဲ့လည်း တချို့ကတော့ အလှူရှင်ကိုမှီခိုနေကြရဆဲဖြစ်ပါတယ်။

“ ဆီဆိုင်မှာ အရင်တုန်းက နှစ်လတစ်ခါ၊ သုံးလတစ်ခါ ဆန်တွေ၊ ဘာတွေ ဝေတာရှိတယ်။ ဒါပေမယ့် အခုတော့ ဆန်ဝေတာတော့ မရှိတော့ဘူး။ တစ်လ၊ နှစ်လရှိပြီ။ သုံးလထဲဝင်ပြီပေါ့။ ဆန်မဝေတော့တာလေ။” ဆီဆိုင်မြို့နယ်ထဲက ကရင်နီစစ်ရှောင်တစ်ဦးကဆိုပါတယ်။

ဆန်တစ်အိတ် ရဲ့ အခြေခံစျေးနှုန်းဟာ ၇သောင်း၊ ၈သောင်း ကျပ်အထိရှိနေတဲ့ အတွက် စစ်ရှောင်တွေကတော့ ဆန်ကို မဝယ်ယူနိုင်ကြဘူးလို့ ဆိုပါတယ်။

“ ကျနော်တို့ စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ ဆန်၊ ဆီတွေလည်း နောက်ထပ် တစ်လ၊ နှစ်လ ဆိုရင် မလွယ်တော့ဘူး။ ၆လပိုင်းဆို နည်းနည်းဟိုစာဖြစ်မယ်။ နောက် ၇လပိုင်းဆိုရင် မရှိတော့ဘူးထင်တယ် အကုန်လုံး။ “ လို့ ရှမ်းပြည်နယ်တောင်ပိုင်း လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်တွေဆီမှာလည်း စားနပ်ရိက္ခာ ထောက်ပံ့မှု မရှိတော့တာ တစ်လ ရှိနေပြီဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ဖက်မှာဆိုရင်တော့ စားနပ်ရိက္ခာကတော့ မလာတာကတော့ သုံးပတ် ၊ တစ်လရှိတော့မယ်။ ပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတယ်တဲ့။” လို့ စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တွေမှာ ကရင်နီနဲ့ ရှမ်းပြည်တောင်ပိုင်းက ဒေသခံစစ်ရှောင်တွေ ၂သောင်းဝန်းဝန်းရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts