spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ရှောင်တွေကိုကူညီပေးဖို့ တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ရှောင်တွေကို ကူညီပေးဖို့ စစ်ရှောင်ကူညီသူတွေက တောင်းဆိုနေကြပါတယ်။

ဆီဆိုင်စစ်ဘေးရှောင်နေရာချထားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ခွန်ကျော်ဆွေက “ကျနော်တို့လည်းအခက်အခဲအများကြီးရှိတယ်ဆိုတော့ လောလောဆယ် တစ်နိုင်တစ်ပိုင်ပဲလုပ်နိုင်တဲ့အနေအထားတစ်ခုရယ် ရေရှည်ကျမလုပ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်စေ INGO ပဲဖြစ်စေ NGO ပဲဖြစ်စေ CSO ပဲဖြစ်စေ နောက်ပြီးတော့ တစ်ဦးချင်းပဲဖြစ်စေ လာရောက်ပြီးတော့ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ ကျနော်တောင်းဆိုချင်ပါတယ်။” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း ကရင်နီစစ်ရှောင်ဦးရေ သောင်းချီရှိနေပြီး မြို့နယ်အသီးသီးက စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တွေက လိုအပ်တဲ့အကူအညီတွေကို ချိတ်ဆက်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့ကိုရောက်ရှိတဲ့စစ်ရှောင်အများစုမှာ လွိုင်ကော်မြို့ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က ကျနော်လွိုင်ကော်ကိုရောက်သွားတဲ့အချိန်မှာ လွိုင်ကော်မှာလူဦးရေ က ၅ရာခိုင်နှုန်း တောင်မရှိတော့ဘူး အများစုက ဆီဆိုင်ဖက်ရောက်တယ် လွိုင်ကော်လူဦးရေတစ်ဝက်ကျော်ကျော်ကတော့ ဆီဆိုင်ကိုရောက်နေတဲ့သဘောပဲ။” လို့ ခွန်ကျော်ဆွေက ဆက်ပြောပါတယ်။

လက်ရှိ ဆိုက်ခေါင်မြို့ကိုရောက်ရှိနေတဲ့ စစ်ရှောင်လည်း သတ်မှတ်ထားတဲ့လူဦးရေထက်ကျော်လွန်နေတဲ့ နေရာထိုင်ခင်း၊ စားသောက်ရေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဆိုက်ခေါင်စစ်ရှောင်ကူညီသူတစ်ဦးက “ ဆိုက်ခေါင်မှာရောက်ရှိတဲ့စစ်ရှောင်လူဦးရေ ခန့်မှန်းရသလောက်ကတော့ ၁၀၀၀ အထက် ၁၅၀၀ကြားဝန်းကျင်ရှိနေပြီ။ ကျနော်တို့ပြင်ဆင်ထားတဲ့နေရာမှာလည်း ပြည့်လုနီးနီးပြည့်သွားပြီပေါ့ နေရာအခက်အခဲကတော့ ပြန်စီစဉ်ဖို့လိုနေပြီပေါ့ နောက်တစ်ချက်က အရေးပေါ်စားဖို့သောက်ဖို့နဲ့ အသုံးအဆောင်ပစ္စည်းတွေ ရသလောက်တော့အလှူရှင်ခံနေတယ် ဒါပေမယ့် လုံလောက်မှုတော့မရှိသေးဘူး အဲ့ဒီအခက်အခဲတွေ ရင်ဆိုင်နေရတယ်ပေါ့။” လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ် နောင်တရားဖက်ရောက်ရှိသွားတဲ့ စစ်ရှောင်တွေကို စားသောက်ရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း စီစဉ်ဆောင်ရွက်ထားတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ နောင်တရားဒေသလူငယ်များပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်ဆန်ဦးကပြောပါတယ်။

“စစ်ရှောင်နဲ့ပတ်သက်လို့လက်ခံထားတဲ့ နေရာကတော့ ကျနော်တို့က ရေရော မီးရော စောင်တွေမပါလည်းစီစဉ်ပေးတယ် အဝတ်အထည်တွေ စားစရာကတော့ ထမင်းကတော့ အကုန်လုံး ဒီမှာ အားလုံးကိုချက်ပြုတ်ပြီးတော့ ကျွေးမွေးပေးတာပေါ့။ ဟိုတစ်စု ဒီတစ်စု ချက်စားတာမျိုးမဖြစ်အောင် တစ်စုတစ်စည်းထဲချက်ပြုတ်ပြီးတော့မှ တစ်ရက်ကို ၃နပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလည်းအကုန်လုံးစီစဉ်ပေးထားပါတယ်။” လို့ သူက ပြောပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၁၂ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်းမှာတိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် တိုက်လေယာဉ်တွေနဲ့ လွိုင်ကော်မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တခြားမြို့တွေဘက် ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မေလ ၂၁ ရက်နေ့ ၂၀၂၁ ခုနှစ်ကတည်းက ဒီးမော့ဆိုမြို့ကနေ စတင်ခဲ့တဲ့ တိုက်ပွဲကနေပြီး နေ့စဉ်ရက်ဆက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခုနှစ်သောင်းအထိ ရှိပြီဖြစ်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ဆိုထားပါတယ်။

spot_img
spot_img

Recent posts