spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေ နေရပ်ပြန်ဖို့ အခက်အခဲရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ရှမ်းပြည်နယ် တောင်ကြီးမြို့အပါအဝင် အခြားမြို့ဒေသတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေတာရှိတဲ့အတွက် ကရင်နီစစ်ရှောင်တွေအနေနဲ့လည်း နေရပ်ပြန်ဖို့ အခက်အခဲရှိနေတယ်လို့ ပြောဆိုကြပါတယ်။

၂၀၂၂ခုနှစ်အတွင်း လွိုင်ကော်မြို့ပေါ် တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ကနေ တောင်ကြီးမြို့မှာ အိမ်ဌားရမ်းနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက နေရပ်ပြန်ရင် သူ့မိခင်ရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါး အခက်အခဲရှိနိုင်တယ်လို့ ပြောပါတယ်။

“လွိုင်ကော်ပြန်မယ်ဆိုရင်တော့ အဲ့ဒီသေနတ်သံတွေပေါ့နော။ သေနတ်သံတွေနဲ့ ဒီစားဝတ်နေရေး ကိုယ်တိုင်စိုက်ပျိုးထားတာမရှိတဲ့အခါကျတော့ ဝယ်စားရမှာ အဲ့ဒါတွေပေါ့နော။ ပြောရမယ်ဆိုလို့ရှိရင် ကိုယ်စားသောက်ဖို့ လုံလုံလောက်လောက်မရှိမှာ။ ပြောရမယ်ဆိုရင် ဆေးဖိုးဝါးခပေါ့နော အမေအတွက် ဆေးဖိုးဝါးခမရှိမှာ အဲ့ဒီလိုမျိုးပေါ့နော။ ခက်ခဲမှာပေါ့။ တောင်ကြီးမှာက ရှိနေသေးတယ်လေ။ အဲ့တာတွေက ရှာရလွယ်တယ်လေ လွိုင်ကော်မှာခါကျတော့ ဒီဟာတွေက အဆင်မပြေတော့ဘူး။” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက တောင်ကြီး၊ ညောင်ရွှေအပြင် အခြားမြို့နယ်တွေမှာ စစ်ရှောင်နဲ့ လာရောက်နေထိုင်သူတွေကို အောက်တိုဘာလကုန်မှာ နေရပ်ပြန်ခိုင်းတာရှိပေမယ့် စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့သူတွေကို အဓိက နေရပ်ပြန်ခိုင်းတယ်လို့လည်း ပြောဆိုကြတာရှိပါတယ်။

လူဦးရေအများဆုံးနေထိုင်ကြတဲ့ လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လို့ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် နေအိမ်မီးရှို့ခံရသူ၊ ပျက်စီးခံရသူတွေက ပိုအခက်အခဲရှိတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

“ပြန်ဖို့ဆိုရင်လည်း ဘယ်မှာပြန်နေရမလဲ။ ဆီးစျေးတွေကလည်း တကုန်တက်တော့ သွားဖို့လာဖို့က တစ်ခါသွားရင် တအားကုန်တယ် အဲ့ဒီလိုမျိုးဖြစ်ခါကျတော့ အခက်အခဲကတော့ဖြစ်တယ်။ လူတိုင်းလိုလိုပဲ တချို့ခါကျတော့ ကိုယ်ပိုင်ကားတွေမရှိတဲ့လူတွေအတွက်ခါကျတော့ အဲ့တာတွေက တကယ်အခက်အခဲဖြစ်မှာပဲလေ။” လို့ ဒီးမော့ဆိုမြို့ကနေ ရှမ်းပြည်နယ် ဆိုက်ခေါင်မှာ သွားရောက်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေရပ်မပြန်နိုင်တဲ့သူတွေဟာ ရှမ်းပြည်နယ်မှာနေထိုင်ကြောင်း အိမ်ထောင်စုစာရင်း ပုံစံ (၁၀) ကို ပြောင်းလဲရမှာဖြစ်တယ်လို့လည်း စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ အိမ်ထောင်စုပြောင်းလဲဖို့အတွက် မူလနေထိုင်ခဲ့တဲ့ ဒေသကနေ ပုံစံ၁၀ကို ယူပြီး နေထိုင်လိုတဲ့ဒေသမှာ မိမိရဲ့ နေအိမ်ရှိကြောင်းဓာတ်ပုံ( သို့မဟုတ် ) နေထိုင်မဲ့အိမ်ရှင်ရဲ့ ထောက်ခံစာတွေနဲ့ ပြောင်းလဲရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းနဲ့ နယ်စပ် မိုးဗြဲ၊ ဖယ်ခုံ မြို့တွေမှာကနေ ရှမ်းပြည် တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကို သွားရောက်နေထိုင်တဲ့သူ ၈သောင်းဝန်းကျင်ရှိနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့စာရင်းအရ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ အင်းလေး၊ ဆီဆိုင်၊ ဆိုက်ခေါက်ဒေသတွေမှာ တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော်က ဒေသခံတွေ အများဆုံးရှိပြီး ဧည့်စာရင်းတိုင်ကြားကာ နေထိုင်ကြရပါတယ်။

spot_img
spot_img

Recent posts