ကန္တာရဝတီတိုင်း(မ်)
ဒေသတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်ဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ ရေရှည်စားဝတ်နေရေးအတွက် နေ့စားအလုပ် လိုက်လုပ်ကြသူတွေရှိသလို၊ ဈေးရောင်းပြီး ရတဲ့အမြတ်ငွေနဲ့ ဖြေရှင်းနေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတဦးက “တချို့က ဈေးရောင်းဈေးဝယ်တွေ လက်လှမ်းမီသလောက်ပေါ့ ရသလောက်လေးပေါ့။ ဒေသခံတွေလောက်တော့ ဖောက်သည်မရှိဘူး။ အရောင်းအဝယ်ပါးပါးလေးတော့ရှိတယ်။ မလုပ်နိုင်တာ ခပ်များများပါ။ ဒါမဲ့ ဒီရာသီ နောက် ၁၅ရက် လကုန်လောက်ဆိုရင် ပြောင်းချိုးရှိတယ်လေ။ နေ့စားတော်တော်များများလိုက်ကြတယ်။ လုပ်နိုင်တဲ့သူဆိုရင်တော့လေ။ နကိုယ်ကလည်း ခြံယာ လယ်ယာလုပ်ငန်း လုပ်တဲ့သူဆိုရင် ဒီဖက်ရောက်ရင် နေ့စားပြန်လိုက်လို့ရတယ်ပေါ့။ တရက် တသောင်းကျော်လောက် ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဖြေရှင်းလို့ရတာပဲ။ ဒါမဲ့ နေရာတိုင်းတော့ မရနိုင်ဘူး အလုပ်ကမရှိနိုင်ဘူး။” လို့ စစ်ရှောင် အရေးကူညီဆောင်ရွက်သူ တဦးက ပြောပါတယ်။
စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက် ပိုမြင့်မားလာသလို စားနပ်ရိက္ခာပြတ်လပ်တဲ့ စစ်ရှောင်စခန်းလည်းရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း စားနပ်ရိက္ခာအပြင် စောင်၊ အနွေးထည်၊ ဆေးဝါး၊ အိမ်သာ၊ သောက်သုံးရေ စတာတွေ လိုအပ်နေပေမဲ့ အလှူရှင်မရှိတာကြောင့် မထောက်ပံ့နိုင်သေးဘူးလို့ ဆိုပါတယ်။
ရှမ်းပြည်ရောက် စစ်ရှောင်အများစုဟာ ဘာသာရေးကျောင်းတွေမှာ နေထိုင်ကြတာဖြစ်ပြီး အသိမိတ်ဆွေခြံဝန်းတွေမှာ တဲထိုးနေထိုင်ကြတာရှိသလို အိမ်ငှားရမ်းနေထိုင်သူတွေလည်း ရှိတယ်လို့ အေးသာယာမြို့မှာ စစ်ရှောင်နေတဲ့ လွိုင်ကော်ဒေသခံတဦးက ပြောပါတယ်။
“အိမ်ငှားခ စျေးအရမ်းကြီးတာသိပေမဲ့ ရောဂါသည်သက်ကြီးသူတွေ ပါနေတော့ ဘုန်းကြီးကျောင်းလိုနေရာမှာ နေလို့ကြအဆင်မပြေပြန်ဘူး။ အိမ်ကနေလည်း ဘာမှမသယ်လာနိုင်တော့ အိုးခွက်တွေက အစပြန်ဝယ်နေရတော့ အတော်လေးကိုခက်ခဲပါတယ်ဗျာ။” လို့ လွိုင်ကော်စစ်ရှောင်တဦးက ပြောပါတယ်။
နေရာထိုင်ခင်းပေါ်မူတည်ပြီး အိမ်ငှားခမှာ ငါးသောင်း၊ ရှစ်သောင်း၊ တသိန်း၊ နှစ်သိန်း စတဲ့ ဈေးနှုန်းအသီးသီးရှိကြသလို ၃လ၊ ၆လ စသဖြင့် စာချုပ် ချုပ်ဆိုပြီး နေထိုင်ရတယ်လို့ သိရပါတယ်။
“အိမ်ငှားခက တချို့ကပေးရတယ်။ တချို့ကမပေးရဘူး ဒီတိုင်းပေးနေတာရှိတယ်။ တချို့ကျတော့ နေရာပေါ်မှာတူတည်တယ်။ နေရာကောင်းရင်ကောင်းသလို ပိုက်ဆံပိုပေးရတာပေါ့လေ။ နေရာမကောင်းရင်တော့ မကောင်းသလိုပဲပေါ့ အဲ့လိုအခြေအနေတော့ ရှိတယ်။ တချို့ကတော့ အလကားပေးနေတဲ့သူရှိတယ်။”လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။
အိမ်ငှားရမ်းခပေးနိုင်ဖို့ ညောင်ရွှေမြို့မှာ အစားအသောက်ရောင်းချနေတဲ့ လွိုင်ကော်စစ်ရှောင်အမျိုးသမီးတဦးက “အစက ရန်ကုန်မြို့မကျောင်းနား ရောင်းရတာ အဆင်ပြေတယ်။ ခုတော့ စည်ပင်က နေရာပြောင်းခိုင်း လိုက်တဲ့ နောက်ပိုင်း သိပ်မရောင်းရတော့ဘူး။ ညောင်ရွှေ ကျောက်တိုင်ကွင်း ညစျေးဖက်” လို့ သူက ပြောပါတယ်။
စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် တအိမ်တက် တအိမ်ဆင်းပြီး အစားအသောက် ရောင်းချကြတဲ့သူလည်းရှိတယ်လို့ ဆိုပါတယ်။
“မုန့်ဟင်းခါးလေး လုပ်ရောင်းကြည့်တာ ၃ပွဲလား ကုန်တယ်။ စိတ်ဓါတ်တွေ အရမ်း ကျတယ်။ ကိုယ့် မြို့ ကိုယ့်ရွာပဲ ပြန်နေချင်တော့တယ် “လို့ အေးသာယာမြို့မှာ စစ်ရှောင်သူတဦးက ပြောပါတယ်။
ကရင်နီပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေဟာ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စတဲ့မြို့နယ်အသီးသီးမှာ အများစုစစ်ရှောင်ကြပြီး လူဦးရေ ၅သောင်းဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိဖို့ မျှော်လင့်နေပြီး ဒေသခံအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက တောင်းဆိုထားကြပါတယ်။
အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၂ဒသမ ၆သန်းကျော်ရှိနေပြီဖြစ်တယ်လို့ UNOCHA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ထားတာရှိပါတယ်။ နိုင်ငံတွင်း လူဦးရေရဲ့ သုံးပုံတပုံနီးပါးရှိတဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်ချက်ရှိနေပြီး၊ ဒီလိုအပ်ချက်ဟာ အာဏာမသိမ်းမီ သုံးနှစ်ကထက် ၁၉ဆ နီးပါး မြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။