spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းပြည်၊ ဟိုပန်ကျေးရွာရောက် စစ်ရှောင်တွေ ဒေသခံတွေရဲ့ခြံမြေငှားရမ်းပြီး စိုက်ပျိုးလုပ်ကိုင်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်၊ တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ဟိုပန်ကျေးရွာမှာ ရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဒေသခံတွေရဲ့ ခြံမြေငှားရမ်းပြီး စိုက်ပျိုးရေးလုပ်ကိုင်နေကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်တွေဟာ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးပြီး ဖြေရှင်းနေကြတယ်လို့ ညောင်ရွှေမြို့နယ်က စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“သူတို့ ရရာအလုပ်တွေရှာလုပ်တာတွေရှိမယ် တနိုင်တပိုင် စိုက်ပျိုးရေးတွေလုပ်တာရှိမယ်။ အဓိက မီးဖိုချောင်အတွက်ပဲပေါ့ ပြီးတော့ အလှူရှင်တွေ လုံးဝမရှိရင်တော့ ရွာခံ၊ ဒေသခံတွေက ကြည့်ကူတာမျိုးရှိတယ်ပေါ့။ ကိုယ့်တဲနားဆိုရင် ဟင်းစားဖို့ သီးနှံတွေစိုက်တာရှိမယ် ရွာခံတွေကလည်း သူတို့လယ်တွေယာတွေကို ခွဲတမ်းချ ပေးစိုက်တာဖြစ်ဖြစ် အငှားပေးစိုက်တာဖြစ်ဖြစ်လုပ်တယ်။ အဲ့ဒီမှာ စပါးတွေ ပြောင်းတွေ ကြက်သွန်တွေ အဓိကစိုက်တယ်” လို့ သူက ပြောပါတယ်။

စစ်ရှောင်တွေဟာ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ်က တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်ပြီး လတ်တလောမှာ စစ်ရှောင်ဦးရေ ပိုတိုးလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ စစ်ရှောင်တချို့ကတော့ ဒေသခံတွေဆီကနေ ဆန်ချေးငှားရတာရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ ရေရှည်ဝမ်းရေးဖြေရှင်းနိုင်ဖို့ ဒေသခံတွေရဲ့ တောင်ယာ၊လယ်ယာတွေမှာ နေ့စားအငှားလိုက်ကြတာရှိသလို တစ်ပိုင်တစ်နိုင် သီးနှံတွေ စိုက်ပျိုးနေကြတယ်လို့ ညောင်ရွှေမြို့နယ်အတွင်းကို ရောက်ရှိနေတဲ့ ကရင်နီ စစ်ရှောင်တွေက ပြောပါတယ်။

“ စစ်ရှောင်တာကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး လွိုင်ကော်ကနေ စစ်ရှောင်ရတာပေါ့နော။ စစချင်းတော့ အလှူရှင်တွေကနေ လာလှူတာတွေရှိပေမဲ့ ကြာလာတော့ ဘယ်သူမှမတတ်နိုင်တော့ဘူးလေနော ကုန်ဈေးနှုန်းက မြင့်တက်၊ အဖက်ဖက်ကလည်း ခက်ခဲနေတော့ အလှူရှင်တွေမရှိတော့ဘူး။ ကြာလာရင်တော့ အဒေါ်တို့လဲ အလှူရှင်ကိုပဲ မှီခိုလို့မရဘူးလေ။ တတ်နိုင်တဲ့ဖက်ကနေ ချေးငှားစားတစ်လှည့်၊ နေ့စားလိုက်တစ်လှည့်လုပ်ကြတာရှိတယ်။ တချို့ကတော့ ကိုယ့်တဲအနီးနား၊ တချို့ဆို ရွာက ခြံပေးစိုက်တာရှိတော့ အဲ့ဒါတွေ လုပ်ကြတယ်။” လို့ အသက် ၄၅နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လတ်တလော ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ညောင်ရွှေမြို့နယ်ကို စစ်ရှောင် ထပ်မံရောက်ရှိနေပြီး နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။ ညောင်ရွှေမြို့နယ်၊ ဟိုပန်ကျေးရွာနဲ့ အနီးအနားကကျေးရွာတွေမှာ စစ်ရှောင်ဦးရေ ၅ထောင်ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts