spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်းမြောက်က “ ၁၀၂၇ စစ်ဆင်ရေး “ စခန်းသိမ်းတိုက်ပွဲအတွင်း KNDF လည်း ပါဝင်တိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ပူးတွဲ “ ၁၀၂၇ စစ်ဆင်ရေး “ စခန်းသိမ်းတိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း အမှတ် (၆၀၆) လည်း ပူးပေါင်း ပါဝင်တိုက်ခိုက်လျက်ရှိနေတယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။

“KNDF တပ်ရင်း အမှတ် (၆၀၆) ကတော့ မြောက်ပိုင်းမှာရှိတဲ့ ညီအစ်ကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စုဖွဲ့ထားတဲ့ KNDF ရဲ့ တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေမှာ မြို့သိမ်းတိုက်ပွဲတွေမှာ KNDF တပ်ရင်း (၆၀၆) ကတော့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီး ဗျူဟာအောက်မှာ ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ ဖော်ဆောင်တဲ့ “ ၁၀၂၇ စစ်ဆင်ရေး “ကို KNDF အနေနဲ့ ထောက်ခံကြိုဆိုပြီး လက်ရှိမှာလည်း စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိသလို စစ်ရေးရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ပူးပေါင်း တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ရှမ်းမြောက်ဒေသအသီးသီးမှာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ရာမှ စစ်ကောင်စီတပ်စခန်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်၊ လက်နက်ခဲယမ်း အမြောက်အများ နဲ့ သံချပ်ကာယာဉ် ၆စီးကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချဖို့၊ နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်မှုတွေ တိုက်ဖျက်ဖို့ ပူးပေါင်းစစ်ဆင်ရေးကို ရည်ရွယ်တာဖြစ်ပြီး အဲ့ဒီအပေါ် မြန်မာတစ်နိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေ ၊ လူထုတွေ၊ နိုင်ငံတကာအသိုင်းအဝန်းတွေ ကနေ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ တစ်ပြိုင်တည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ကိုလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

spot_img
spot_img

Recent posts