spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှမ်း-ကရင်နီနယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်ကနေ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ မေလ ၂၈ရက်နေ့မှာ ဖြေကြားပါတယ်။

“ လွိုင်ကော်မြို့ထဲမှာရယ်၊ လွိုင်ကော် ဘေးပတ်ဝန်းကျင် ဖြစ်တဲ့ ရေကန်ရွာနား တဝိုက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက် တိုက်ပွဲတွေ က ရှိနေတယ်ပေါ့။ လွိုင်လင်လေး အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကတော့ ရှိနေတုန်းပဲဖြစ်တယ်။ “ လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့နေရာတွေကတော့ လွိုင်ကော်မြို့အထွက် နေရာတွေ နဲ့ စက်မှုဇုန်၊ ပဒါးညေး၊ လွိုင်လင်လေး စတဲ့ နေရာတွေမှာ နှစ်ဖက်ထိတွေ့မှု ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်တဲ့ လမ်းကြောင်းတွေကတော့ ရှမ်းပြည်နယ်၊ ဖယ်ခုံ – မိုးဗြဲ – ပင်လောင်း ဖက် နဲ့ ဆီဆိုင် – ထီးစဲခါး ဖက်ကဖြစ်ပြီး ကရင်နီပြည်နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်လာတာဟာ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက အခုလို သုံးသပ်ပြောဆိုထားပါတယ်။

“ အတိကျတော့ မသိရပေမယ့် ဒီလက်ရှိ ပြန်လည်ပြီးတော့မှ စစ်ကြောင်းထိုးဝင်လာတဲ့ ရည်ရွယ်ချက်ကတော့ လွိုင်ကော်ကို စစ်ကူပေးနိုင်ဖို့ လို့ ကျနော်တို့ အနေနဲ့တော့ ယူဆရတယ်။ လွိုင်ကော်မြို့ကို အလုံးစုံပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့ဆိုတာ ကတော့ သူတို့အနေနဲ့ အဆင်သင့် မဖြစ်လောက်သေးဘူးလို့ ကျနော်တို့တွေတော့ အဲ့လို မှတ်ချက်ပြုလိုတယ်။“ လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ဆိုပါတယ်။

လွိုင်ကော်မြို့နယ်အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းတွေလည်း တပ်ပြင်ထွက်ပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ခူးရီးဒူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၄)ရက်နေ့မှာဆိုရင်လည်း လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၆၁ တပ်ရင်းက တပ်သားတွေဟာ ရေကန်ကျေးရွာအနီးဖက်ကို စစ်ကြောင်းထိုးပြီး တပ်ပြင်လှုပ်ရှားမှုတွေ ရှိတာကြောင့် တိုက်စစ်အသွင် ကြိုးစားနေတယ်လို့ ခူးရီးဒူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုတွေကြောင့် လွိုင်လင်လေးမြို့နယ် အတွင်းက ကျေးရွာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက ဒေသခံ တစ်ထောင်ကျော်ဟာ လွိုင်ကော်အရှေ့ဘက်ခြမ်းကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ အဓိက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့ လမ်းကြော နီးတဲ့ ကျေးရွာတွေကပါ။ လွိုင်ကော်မြို့ထဲမှာတော့ ရှောင်တာမရှိဘဲ လူပိုစည်လာတယ် ပြည်သူတွေပိုဝင်လာတယ်။ “ လို့ လက်ရှိ လွိုင်ကော်မြို့ထဲက အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောပြပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့တွင်း ဒေသခံတွေဟာ နီးစပ်ရာ ရှမ်းပြည်နယ်ကို စစ်ရှောင်ခဲ့ကြပြီး လက်ရှိမှာတော့ ပြန်လာနေထိုင်တာရှိပါတယ်။ စစ်ကောင်စီကတော့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ စာသင်ကျောင်းဖွင့်လှစ်တာ၊ ဖုန်းလိုင်း၊ လျှပ်စစ်မီး ပြန်လည်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts