spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောက စစ်ရှောင်ကလေးအပါအဝင် လူကြီးပါ ကူးစက်တဲ့ အရေပြားအနာဖြစ်ပွားနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ အရေပြားပေါ်မှာအနာဖြစ်ပြီး အဖုတွေထွက်နေတာကို ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က မြင်တွေ့ခဲ့ပါတယ်။ ဖြစ်ပွားနေသူတွေကို မေးကြည့်ရာမှာလည်း ကလေးရော၊ လူကြီးပါ အသက်အရွယ်မရွေး ဖြစ်ပွားနေတယ်လို့ စစ်ရှောင်စခန်းမှာ နေထိုင်သူတွေက ပြောပြပါတယ်။

စတင်စစ်ရှောင်ရတဲ့ အချိန်ကတည်းက ဖြစ်ပွားနေပြီး လက်ချောင်းကြားမှာအပြင် တကိုယ်လုံး အဖုထွက်တာကြောင့် ညဘက်မှာ အိပ်မပျော်တာတွေလည်း ဖြစ်လာတယ်လို့ သူမရဲ့ ကလေးဖြစ်သူ အရေပြားအနာ ဖြစ်ပွားနေတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

“ဒီမှာ ရောက်လာတော့ စဖြစ်တာ။ အခုချိန်ထိ ဆို ၂ လလောက်ရှိပြီ ထင်တယ်။ အမြဲတမ်းကုတ်နေရတယ်။ ညအိပ်ရင် ယားတယ်ဆိုပြီးတော့ အမြဲကုတ်ခိုင်းတယ်”လို့ အဆိုပါ မိခင်က ပြောပါတယ်။

တချို့မှာ စစ်မရှောင်ရခင်ကတည်းက ဖြစ်ပွားနေကြပြီး စစ်ရှောင်ရလို့ တောထဲသွားရောက် နေထိုင်ရချိန်မှာ ပိုမိုဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။

စစ်မရှောင်ရသေးခင် ကျေးရွာမှာနေစဉ်က ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးထိုး၊ ဆေးသောက်တာတွေ လုပ်နိုင်သေးပေမယ့် ပျောက်ကင်းမသွားဘဲ ပြန်ဖြစ်ပွားနေတယ်လို့ ကျေးရွာမှာကတည်းက အရေပြားအနာ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ မပျောက်ကင်းနိုင်သေးတဲ့ အသက် ၅၀ အရွယ် စစ်ရှောင်အမျိုုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်ရွာထဲမှာ နေတုန်းကဆို အဲ့လောက်မဖြစ်သေးဘူး။ ကောင်းသေးတယ်။ ဆေးရုံတွေမှာ ဆေးသွားထိုးကြသေးတယ်။ ပျောက်ပြီဆိုပြီးတော့ ဆေးဆက်မထိုးပဲ နေလိုက်တယ်။ ဒီမှာ ရောက်တော့ ပြန်ဖြစ်ကြတယ်။ မပျောက်နိုင်ဘူးလေ။ ဘာဖြစ်လည်း မသိဘူး” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်နေတဲ့အချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေ၊ သစ်ရွက်ခြောက်တွေကနေ ပိုးယားတွေ ထိတွေ့တာတွေကြောင့်လည်း ယားနာတာ ပိုမိုဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့၀န်ထမ်း CDM ဆရာမ တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်ကလူတွေ ယားနာဖြစ်တယ်ဆိုတာ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့လည်း ဆိုင်တာပေါ့။ ပြီးရင်ရေ…နောက်ပြီးတော ဒီဘက်အခြေအနေကလည်း ပိုးယား အရမ်းများတယ်ပေါ့နော်။ သစ်ရွက်ခြောက်တွေ ဒီတိုင်းကြည့်ရင်တော့ သစ်ရွက်ခြောက်ပဲ။ ဒါပေမယ့် အဲမှာ သွားသွားလာလာ လုပ်လိုက်ဆို မကြာဘူး ကလေးတွေကလေ အဖုတွေ ထွက်လာတယ်။ ကုတ်ရင်း အဖုတွေ ထွက်လာတယ်။ လက်သည်းမညှပ်ထားဘူးဆို အဲကနေ infrection(ကူးစက်မှု) ၀င်လာနိုင်တယ်ပေါ့နော်။ အရေပြားတွေ ပွန်းပဲ့ပြီးတော့လေ” လို့ အဆိုပါ ဆရာမ က ပြောပြပါတယ်။

စစ်ရှောင်ကာလ ၂ ပတ်လောက်အထိ ဆေးတွေပေးနိုင်သေးပေမယ့် ယခုနောက်ပိုင်းမှာ အရေပြားအနာ ဖြစ်ပွားနေသူတွေ ပိုမိုများပြားလာတာကြောင့် ဆေးတွေပြတ်လပ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ (စစ်ရှောင်များ) က မိုးကာတွေလည်း မရှိဘူးလေ။ မိုးကာတထည်ပါရင် ခင်းရမလား၊ အမိုး မိုးရမလား မသိဘူး အဲ့လိုဖြစ်တယ်။ အမိုး မိုးလိုက်ရင် မြေကြီးပေါ် အိပ်ချကြတော့ ပိုးမွှားတွေကိုက်တာကနေ စဖြစ်ကြတယ်လို့ထင်တယ်။ ပြီးတော့ အဲ့ယားနာက ကူးတယ်လေ။ စစ်ရှောင်စခန်းမှာ တစ်ယောက်ဖြစ်ကြည့်ကြည့် နောက် တစ်ရက်နှစ်ရက်ဆို စခန်းတစ်ခုလုံး ဖြစ်ကုန်ကြပြီ။ အခုဆို ဆေးလည်း မရှိတော့ ဒီတိုင်းဘဲ ခံနေကြတယ်။” လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အရေပြားအနာ ဖြစ်ပွားနေတာဟာ စစ်ရှောင်စခန်းတခုတည်းသာမကဘဲ တခြားစစ်ရှောင်စခန်းတွေမှာလည်း ဖြစ်ပွားနေကြတယ်လို့ သိရှိရပါတယ်။ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက် ရောက်ရှိသွားတဲ့ စစ်ရှောင်စခန်းတခုမှာတော့ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က အရေပြားအနာ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

spot_img
spot_img