spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောစစ်ရှောင်စခန်းမှာ အရေပြားအနာဖြစ်ပွားနေဆဲ၊ ဆေးဝါးအကူအညီလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေဟာ အရေပြားအနာဖြစ်ပွားနေဆဲ ဖြစ်ပြီး ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

တောတောထဲ စစ်ဘေးရှောင်နေရပြီး အရေပြားအနာဖြစ်ပွားတဲ့သူတွေဟာ ၆ လသားအရွယ်ကနေ သက်ကြီးရွယ်အိုအရွယ်အထိ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ချောင်း နဲ့ ခြေချောင်းကြား၊ ဝမ်းဗိုက်တွေနဲ့ တစ်ကိုယ်လုံးမှာ အဖုထွက်ပြီး အနာတွေဖြစ်ပွားလာနေတယ်လို့ စစ်ရှောင်အရေး ကူညီသူတစ်ဦးက ပြောပါတယ်။

“ ဖြစ်တာတော့ အကုန်ဖြစ်တယ် အဖြစ်နည်း နဲ့ အဖြစ်များတာပေါ့။ ခြေလက်ကြား၊ ဝမ်းဗိုက်၊ ပေါင်ကြား၊ တွေမှာအဖြစ်များတယ် ကုတ်လိုက်ရင် အနာဖြစ်လာတယ် တစ်ကိုယ်ရည်သန့်ရှင်းမှုမနိုင်တာ ဖြစ်မှာပေါ့နော“ လို့ သူက ပြောပါတယ်။

စစ်မရှောင်ရခင်ကတည်းက အနာဖြစ်ပွားနေကြသူတွေရှိသလို စစ်ရှောင်ရချိန် တောတောင်ထဲ သွားရောက်နေထိုင်ရတဲ့ နောက်ပိုင်းမှာလည်း ဖြစ်ပွားသူ ပိုများလာတယ်လို့ ဆိုပါတယ်။ စစ်ရှောင်ကာလ ၂လကျော်ကြာတဲ့အထိ မပျောက်ကင်းနိုင်ဘဲ ပိုအဖြစ်များလာတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလအတွင်း ရေရှားပါးမှုကြုံတွေ့ရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ တောတောင်ထဲနေရတာကြောင့် သစ်ရွက်ခြောက်၊ ပိုးယား၊ ဝါးမှုန်တွေကနေတဆင့် ထိတွေ့မိတာကြောင့်လည်း မပျောက်ကင်းနိုင်ဘူးလို့ ဆိုပါတယ်။

လတ်တလောမှာ အရေပြားအနာအတွက် လုံလောက်တဲ့ ဆေးဝါးမရှိတာကြောင့် ဆေးဝါးလိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းမှာ အရေပြားအနာဖြစ်ပွားမှုအပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူလည်းရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတစ်ဦးက ဆက်ပြောပါတယ်။

“ကျန်းမာရေးဆိုရင် အကုန်လုံး လိုအပ်တယ်။ ဘာလိုလဲဆိုတော့ အရေပြားရောဂါ ဖြစ်ပွားလဲ တအားများတယ်ပေါ့နော။ ပြီးတော့ အခု ရာသီဥတု စပြောင်းလဲတာ ချောင်းဆိုးတာရှိတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ တအားဖြစ်နေကျတယ်ပေါ့ အခု နွေရာသီ ဝင်တာကြောင့် ရေက လုံလောက်မှုမရှိတော့ဘူးပေါ့နော်။ သူတို့ စားသောက်တာကရော ရေတွေက လုံလောက်မှုမရှိတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်တာ တအားများတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

အဆိုပါ ရှားတော စစ်ရှောင်စခန်းမှာ လူဦးရေ ၁ ထောင်ကျော်ရှိနေပြီး ရှားတောမြို့ပေါ် ဒေသခံအပြင် အနီးအနားက ကျေးရွာလည်း စုပေါင်းခိုလှုံနေကြတယ်လို့ သိရပါတယ်။ ရှားတောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ကို ထိန်းချုပ်ထားပေမဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ကို ပြန်နေထိုင်လို့မရသေးဘူးလို့ သိရပါတယ်။

spot_img
spot_img