spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့က စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၆ နာရီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ဝင်ရောက်စီးနှင်းခဲ့ပြီး ခန့်မှန်းအင်အား ၈၀ ဝန်းကျင်ထဲမှာ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“ဗျုဟာကုန်းကိုကျတော့ ကျနော်တို့ ၁၂ ရက်နေ့ မနက် ၆ နာရီမှ စတိုက်တယ်၊ ၈ နာရီခွဲမှာ ရသွားတယ်။ ရန်သူ သေဆုံးမှုကတော့ ၄၀ ကျော်မယ်၊ ဒဏ်ရာကတော့ မရှိဘူး။ ဗျုဟာမှူးကတော့ သေဆုံးတဲ့အထဲ ပါသွားပြီ။” လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ဗျုဟာကုန်းသိမ်းပိုက်တဲ့ တိုက်ပွဲအတွင်းမှာ ကရင်နီပြည်တပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပူးပေါင်းတပ်ဖက်မှ ၄ ဦး အနည်းငယ်သာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ထိခိုက်မှုကတော့ ကျနော်တို့ဖက်ကတော့ ၄ ယောက် နည်းနည်းထိခိုက်ဒဏ်ရာရရှိပါတယ်။ ကျန်တာတော့ မရှိဘူး။ ဗျုဟာကုန်းသိမ်းတာကတော့။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရှားတောမြို့အတွင်းမှာတော့ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားပြီဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှားတောမြို့အတွင်းမှာ အဆောက်အဦးပေါင်း ၄၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရှားတောမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ ၂၄၉ တပ် ကနေ အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး အပါအဝင် ၇ ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

spot_img
spot_img