spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့သိမ်းတိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ KNDF စစ်ရေးချုပ် ခူးရီးဒူ နှင့် တွေ့ဆုံခြင်း

ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်) ။ ။ ရှားတောမြို့သိမ်းတိုက်ပွဲက ရက်ပေါင်း ဘယ်လောက်ကြာသွားခဲ့လဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ရက်ပေါင်း ၂၇ ရက် ကြာခဲ့တယ်။ ကျနော်တို့ အရင်တလ ဇန်နဝါရီ ၁၅ကနေ ဒီတလ(ဖေဖော်ဝါရီလ) ဒီ ၁၂ ရက်နေ့ထိ အားလုံးပေါင်း၂၇ ရက်ကြာမြှင့်ခဲ့တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီမြို့သိမ်းတိုက်ပွဲအတွက် ဘယ်လောက်ထိ ပြင်ဆင်ခဲ့ရလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။  အကောင်းဆုံးပြင်ဆင်ပြီးမှ ကျနော်တို့ တိုက်ခဲ့တာပေါ့။

ကန္တာရဝတီတိုင်း(မ်) ။  ။ စစ်ကောင်စီတပ်ရဲ့ စခန်း ဘယ်နခုကို သိမ်းပိုက်ရရှိသွားလဲ၊ ဗျုဟာကုန်းအပါအဝင်ဆိုရင်။ ရှားတောမှာ ဘယ်တပ်မ၊ တပ်ရင်းက အထိုင်ချနေလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ရှားတောမှာတော့ ခမရ ၄၂၈ ပေါ့လေနော။ သူ့ရဲ့ဗျူဟာကုန်းရဲ့ အပေါ်မှာတော့ အက်စ် ( S ) ကွေ့မှာလည်း ၄၂၈ ပါဘဲ။ အဲ့မှာတော့ စခန်း၂ခုပေါ့ ပြီးတော့မှ နောက်တစ်ခုခါကျတော့ သံလွင်‌ဘေးနားမှာ တားတမောစခန်းမှာတော့ ၁ ခု ထိုင်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဆရာတို့ပူးပေါင်းတပ်ဖက်က ဆုံးရှုံးခဲ့ရတာ ဘာရှိမလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ရက်ပေါင်း ၂၇ ရက်အတွင်းမှာ ကျနော်တို့ ရဲဘော် ၉ယောက်ဆုံးရှုံးခဲ့တယ်။  ကျဆုံးခဲ့တယ်။ ဒဏ်ရာတွေလည်း ရရှိခဲ့တယ်ပေါ့နော။ သို့သော် အဲ့ဒီ ဒဏ်ရာတွေတော့ စိုးရိမ်ရတဲ့ အနေအထားမှာတော့ မဟုတ်ဘူးပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဗျူဟာကုန်းကို ဘယ်နေ့ဘယ်ရက်မှာ ရသွားလဲ၊ စစ်ကောင်စီ အင်အား ဘယ်လောက်ကို ချေမှုန်းနိုင်ခဲ့လဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာရတယ်။ ပြည်ထောင်စုနေ့မှာဘဲပေါ့ ကျနော်တို့ရခဲ့တယ်။ မနက် ၅ နာရီခွဲမှာ စတိုက်ပြီးတော့မှ ၈ နာရီမှာ ရတယ်။ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး‌ပေါ့လေ။ အဲ့တာတော့ ပြောရခက်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ လွတ်မြောက်သွားတဲ့ စစ်ကောင်စီ တပ်သားတွေရှိနေသေးလား။ ကုန်သွားပြီလား။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ တချို့ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတွေ တချို့ရှိတယ်။  ဟယ်လီကော်ပတာနဲ့ လာချတဲ့အချိန်မှာတော့ ထွက်ပြေးလွတ်မြောက်တဲ့ တချို့ကျန်တယ်ပေါ့လေးနော။ ၆ယောက် ၇ယောက်လောက် ကျန်တယ်ပေါ့။ ရှမ်းပြည်ဖက် ပြန်တက်လိုက်ပြီ။ ပြီးတော့ ကျနော်တို့ ဗျူဟာကုန်းကို ချေမှုန်းလိုက်တဲ့အချိန်မှာတော့ ၆ယောက် ၇ယောက်လာ လွတ်မြောက်တာရှိသေးတယ်။ အဲ့ဒါကလည်း ကျနော်တို့ လိုက်လံပြီးမှ ချေမှုန်းနေတုန်းပါဘဲ။ ပထမတစ်ခေါက်က ခြေလျင်နဲ့ စစ်ကူလာတယ် ဒါကတော့ ရှမ်းပြည်ဖက်ကနေ ဆင်းလာတယ်ပေါ့နော။ ရှမ်းပြည်ဖက်ကနေဆင်းလာတယ် ကျနော်တို့နဲ့ ထိတွေ့မှု ၂ခေါက်ဖြစ်တယ်။ အဲ့တပ်ရင်းတော့ ၄၂၇ ဖြစ်ပါလိမ့်မယ်။ S ၃လုံးတို့ တချို့ပါတယ်ပေါ့လေးနော။ ဆိုတော့ ၂ခေါက်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သူတို့တွေက ရှမ်းပြည်ဖက်ကို ပြန်တက်သွားတယ်။ ဒုတိယ တစ်ခေါက်ခါကျတော့ ဒီ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းမှာ ဆိုလို့ရှိရင်တော့ ဟတ်စကီးနဲ့ ဟယ်လီကော်ပတာနဲ့ ၃ခေါက် စစ်ကူလာတယ်။ ဆိုတော့ အဲ့ဒီရက်ထဲမှာဘဲ ညနေပိုင်းမှာ ရွာသားတချို့ကို ဖမ်းဆီးမိတယ်။ ပြီးတော့မှ နောက်တစ်ရက် ၅ရက် မနက် ၈ နာရီမှာတော့ ဒီရွာသား ၆ ဦးကို သူတို့သတ်ဖြတ်ပြီးတဲ့အချိန်မှာတော့ ကျနော်တို့ ဒီဟတ်စကီးနဲ့လာတဲ့ အဖွဲ့ကို ကျနော်တို့လိုက်လံပြီးမှ ချေမှုန်းတယ်။  သိရသလောက်တော့ အားလုံးပေါင်း ၆၄ယောက် လောက်ရှိတယ်။ စစ်ကူတော့ အဲ့ဒီ ၂ဖွဲ့ လာတယ်ပေါ့နော်။

ကန္တာရဝတီတိုင်း(မ်) ။ ။ လက်နက်ပေါင်း ဘယ်လောက်သိမ်းဆည်းရမိခဲ့လဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ အားလုံးပေါင်း ၁၈၀ နီးပါးလောက် ရတယ် ၁၈၀ကျော်လည်း ကျော်မယ်ထင်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ စစ်ကောင်စီအတွက် ရှားတောဗျုဟာက ဘယ်လောက်အထိ အရေးပါနေလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ကျနော် လက်လှမ်းမှီသလောက် သိရသလောက်ဆိုလို့ရှိရင် ဒီ ဗျူဟာကုန်းက သူတို့( စစ်ကောင်စီ)အတွက် အ‌ရေးပါတယ်။ ဘာကြောင့် အရေးပါလဲ ဆိုလို့ရှိရင်တော့ ဒီ ဗျူဟာကုန်းက ဒီ သံလွင်အရှေ့ဖက်ခြမ်းမှာရှိတဲ့ တပ်စခန်းတွေအထိပေါ့။ သူတို့(စစ်ကောင်စီ)က ကွပ်ကဲတယ်၊ အမိန့်ပေးတယ်၊ အမိန့်ပေးနိုင်တဲ့ ဗျူဟာတစ်ခု ဖြစ်တယ်ပေါ့လေနော်။ သံလွင်ရှေ့ခြမ်းမှာကတော့ သူတို့အတွက်ဗျူဟာကတော့ ရှားတောဗျူဟာဘဲ ရှိတယ်။ အဲ့တာကြောင့်မို့လို့ သူတို့(စစ်ကောင်စီ)အတွက်တော့ အရေးပါတယ်လို့ မြင်တယ်။ ပြီးတော့ နောက်တစ်ခုက ဒီ ဗျူဟာကုန်းက ဒါ ဖြတ်လေးဖြတ် အရင်တုန်းက ၁၉၉၅၊ ၁၉၉၆ ဖြတ်လေးဖြတ်ခေတ် ပြီးတဲ့နောက်ပိုင်းမှာ ထိုင်ခဲ့တဲ့ ဗျူဟာလည်း ဖြစ်တယ်ပေါ့။ ဆိုတော့ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဒီ ဗျူဟာကုန်းက။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီရှားတောဗျူဟာက ကရင်နီပြည်အတွက် ဘယ်လောက်အထိ အရေးပါနေသလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ အရေးပါတယ် ဆိုတဲ့အခန်းကဏ္ဍကတော့ ကျနော်တို့ အဓိက သူတို့ကို တိုက်ထုတ်သွားနိုင်တာကတော့ လူထုရဲ့ အခြေအနေကတော့ အများကြီး ပြောင်းလဲသွားမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီစစ်ကောင်စီတပ်စခန်းတွေ မရှိ‌တော့ဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ကျန်တဲ့အခန်း ကဏ္ဍဆိုင်ရာအားလုံးကို လွတ်လွတ်လပ်လပ်ဆောင်ရွက်လို့ရပြီပေါ့။ ဆို‌တော့ အရေးပါပါတယ် ဟုတ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ အခုဆိုရင် ရှားတောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် လုံးဝကင်းစင်သွားပြီလို့ ပြောလို့ရမလား။ စခန်းသိမ်းတဲ့နေရာမှာ ဖမ်းမိရထားတဲ့ သုံ့ပန်းတွေပါလာ။ ဘယ်လောက်ပါလဲ။ ဘယ်လိုဆက်လုပ်မလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ကျနော်တို့ ဖမ်းမိပါတယ်။ လေယာဉ်(ဟဲလီကော်ပတာ) နဲ့ စစ်ကူလာတဲ့အခါမှာလည်း ဖမ်းမိသလို ဗျူဟာကုန်းသိမ်းတဲ့ချိန်မှာလည်း စစ်သုံ့ပန်းတွေ ကျနော်တို့ တချို့ဖမ်းမိတယ်။ ကျနော်တို့မှာကတော့ အမြဲတမ်းပြောလေ့ရှိပါတယ်။ ဆိုတော့ ဖမ်းမိတဲ့သုံ့ပန်းတွေ လက်နက်ချပြီးတော့မှ ဖမ်းမိတဲ့သုံ့ပန်းတွေတော့ ကျနော်တို့ တရားဥပဒေနဲ့ အညီပေါ့လေနော်။ ကျနော်တို့ KNDF မှာလည်း KNDF ရဲ့ တရားဥပဒေထဲမှာ သုံ့ပန်းရဲ့  သုံ့ပန်းကို ဘယ်လိုမျိုးထိန်းသိမ်းရမှာလဲ၊ ဆောင်ရွက်ရမှာလဲ ဆိုတဲ့ဟာကို ကျနော်တို့ ရေးချထားတယ်။ ဥပဒေအတိုင်း ကျနော်တို့ ဆောင်ရွက်တယ်။ အပြစ်ရှိတဲ့ လူတွေတော့ အပြစ်ဒဏ်တော့ ရမှာဘဲပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီမြို့သိမ်း စခန်းသိမ်းမှာ စစ်ဘေးရှောင်ရတယ်၊ အဆောက်အဦးတွေ ပျက်စီးတာတွေ ရှိတယ်။ ဒီအပေါ်မှာ ဆရာဘာများ ပြောချင်ပါသလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ရှားတောဖက်မှာတော့ တော်တော်လေးခက်ခဲတဲ့ အနေအထားမှာဖြစ်တယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေပေါ့နော။ အဲ့မှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို ဒီကျနော်တို့ ဒီးမောဆိုတို့ လွိုင်ကော်တို့နဲ့ နှိုင်းယှဉ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒီ ဝင်ငွေတွေဘာတွေက ဘားမှမရှိတဲ့ဒေသတွေဖြစ်တယ်။ သူတို့စစ်ဘေးရှောင်တွေ အရေးခါကျတော့ တော်တော်လေးခက်ခဲတယ်။ နောက်တစ်ခုခါကျတော့ အဆောက်အဦးတွေကတော့ အများကြီး ပျက်စီးသွားတယ်။ ဒီတလ ပစ်ခတ်တဲ့ အတောအတွင်းမှာ လေယာဉ်က အကြိမ် ၁၀၀ ကျော်မက လာပြီးတော့မှ ကြဲခဲ့တယ်။ ဒါက စစ်ကောင်စီရဲ့ လုပ်ရပ်တွေပါ အရင်ကတည်းကလည်း ကျနော်တို့သိတယ်။ သူတို့ဒီထက်ပိုပြီးမှ ယုတ်မာမယ်ဆိုတာ ကျ‌နော်တို့ သိထားတယ်။ အဲ့ဒီတွက်ကြောင့်မလို့ ကျနော်တို့တွေက စစ်ကောင်စီကို ချေမှုန်းပစ်ရုံမှ တစ်ပါး တခြားလမ်းမရှိဘူးပေါ့။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီတစ်လအတွင်းမှာ အရပ်သားတွေကို စကစက ပစ်သတ်တာလည်း ရှိခဲ့တယ်။ ဒီအပေါ်မှာ ဆရာ ဘာများပြောချင်ပါသလဲ။ 

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ပြောစရာစကားလုံးမရှိဘူး။ အခုထိလည်း မျက်လုံးထဲကနေတော့ မထွက်နိုင်ဘူး။ ဆိုတော့ ကလေးတွေကို သတ်သွားတယ် ပြီးတော့မှ အမျိုးသမီးတွေကိုလည်း သတ်သွားတယ် ရက်ရက်စက်စက်ဘဲ။ ဒါက ဘာကိုဖော်ညွှန်းတာလည်း ဆိုလို့ရှိရင် စစ်ကောင်စီက ဒီထက် လက်ရှိလည်း သူတို့ (စစ်ကောင်စီ) ယုတ်မာနေတယ်၊ ကောက်ကျစ်နေတယ်။ ဒီထက်ပိုပြီးတော့မှ သူတို့တွေက (စစ်ကောင်စီ) ကောက်ကျစ်မယ်၊ ယုတ်မာအုံးမယ်ဆိုတဲ့ သ‌‌င်္ကေတကိုပြသတယ်လို့ ကျနော်အနေနဲ့ အဲ့လိုဘဲ ယုံကြည်တယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ရှေ့ဆက်ပြီးတော့ ကရင်နီမှာ ကျန်ရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်သိမ်းပိုက်သွားဖို့ ရှိပါသလား။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ရှိပါတယ်။ ကျနော်တို့ ဘယ်စခန်းဘဲဖြစ်ဖြစ် ပေါ့လေနော်။ ဘယ်မြို့ဘဲ ဖြစ်ဖြစ် စစ်ကောင်စီ ရှိနေသေးသ၍တော့ ကျနော်တို့တွေက ဆက်ပြီးတော့ တိုက်ပွဲဝင်သွားအုံးမှာပါ။

ကန္တာရဝတီတိုင်း(မ်) ။ ။ ကျန်ရှိစခန်းတွေမှာ ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို ဘာများ ပြောချင်ပါသလဲ။

စစ်ရေးချုပ်ခူးရီးဒူ ။ ။ ကျနော်တို့နဲ့ ပူးပေါင်းပါ။ ဒီ အခြေအနေက အားလုံးလည်း သိပြီးသားဘဲ ဖြစ်မှာပါ။ စစ်ကောင်စီဖက်ကတော့ တဖြေးဖြေးနဲ့ ယိုယွင်းလာပြီလို့ ကျနော်တို့ပြောလို့ရတယ်။ အောက်ခြေမြေပြင်မှာကတော့ ဆုံးရှုံးမှုတွေ ပိုပြီးတော့မှ များလာတယ်။ ဒီအတွက်ကြောင့်မို့လို ဒီ ခြေနေမှာ အကောင်းဆုံးခြေနေတစ်ခု ဖြစ်တယ်ပေါ့လေနော်။ ဆိုတော့မှန်ကန်တဲ့ ရွေးချယ်မှုကို ရွေးချယ်နိုင်ဖို့ ကျနော်တို့အနေနဲ့တော့ တိုက်တွန်းလိုတယ်။ တကယ်လို့ ရွေးချယ်မှုက မမှန်ကန်ဘူး လမ်းမှားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်း ဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲကိုတော့ ဒီ တပ်သားတွေဘဲ ကိုယ်တိုင်ခံစားရမှာ ဖြစ်တယ်။ အကျိုးဆက်ကို သူတို့ ကိုယ်တိုင်ဘဲခံစားမှာဖြစ်လို့ အမြန်ဆုံး ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့မှ ကျနော်တို့ထံ ဝင်လာဖို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုတယ်။

spot_img
spot_img