spot_imgspot_imgspot_imgspot_img
Wednesday, January 15, 2025
spot_imgspot_imgspot_imgspot_img

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း KNDF ရဲဘော် ၃ ဦးကျဆုံး၊ စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအပါအဝင် ၁၆၀ ကျော် သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ KNDF က ဒီကနေ့မှာ ထုတ်ပြန်တဲ့ ရှားတောမြို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်၊ ရှားတောမြို့နဲ့ အနီးတစ်ဝိုက်မှာ အခိုင်အမာတပ်ချပြီး ပြည်သူလူထုတွေကို ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေနဲ့ ဗျူဟာကုန်းကို ကရင်နီပြည်တပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ Loikaw PDF တို့ ပူးပေါင်းပြီး တစ်လနီးပါးကြာအောင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေကနေ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖက်က ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော် သေဆုံးခဲ့ရသလို စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီထံကနေ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ အကြိမ် ၂ ရာကျော် ပစ်ခတ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေကနေ ဗျူဟာကုန်းကို ဝန်းရံထားတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ချပြီး ဘက်ပြောင်းခိုလှုံဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လက်မခံတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်ချေမှုန်းနိုင်ခဲ့ကာ လက်ရှိမှာတော့ ရှားတောမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှားတောမြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာတော့ ကိုယ်ဝန်သည်တစ်ဦး အပါအဝင် အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကာ မြို့တွင်းက အဆောက်အဦးပေါင်း ၄၀ ကျော်ဟာလည်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

spot_img
spot_img