spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှေ့တန်းရောက် သားတွေအတွက် နောက်မှာကျန်ရစ်တဲ့ အမေအိုမှ ဆုတောင်းသံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာပြည်မှာ အသေးငယ်ဆုံး၊ လူဦးရေ အနည်းဆုံးဖြစ်တဲ့ ကရင်နီပြည်နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ပြည်နယ်အနေနဲ့ သေးငယ်ပေမဲ့ သမိုင်းကတော့ မသေးငယ်ပါဘူး။ အာဏာသိမ်းပြီး ကာလအတွင်းမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်တသိုက်ကို အစောဆုံး တော်လှန်တိုက်ခိုက်တဲ့ အထဲ ကရင်နီပြည်လည်း အပါအဝင်ဖြစ်ပါတယ်။

မတရားမှုတွေကို လက်နက်ကိုင်တော်လှန်တဲ့နေရာမှာ အများစုက လူငယ်တွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကျရှုံးရေးအတွက် ငယ်ရွယ်တဲ့အချိန်မှာ ပြန်လည်အစားထိုးမရတဲ့ အသက်နဲ့ ခန္ဓာကိုယ်တွေကို ပေးဆပ်ပြီး တိုက်ပွဲဝင်နေကြသူတွေပါ။

အဲဒီလူငယ်လူရွယ်တွေထဲမှာ ဒေါ်ဘယ်နဒဲတာ ရဲ့ သား သုံးဦးလည်း ပါဝင်ပါတယ်။

ဒေါ်ဘယ်နဒဲတာဟာ အသက်(၆၈)နှစ် ရှိပြီး သားသမီး(၉)ယောက်ရှိပါတယ်။ ဒေါ်ဘယ်နဒဲတာရဲ့ အမျိုးသားကတော့ စစ်ရှောင်နေစဉ်ကာလအတွင်း စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီး စထိမှန်ပြီး မျက်လုံးအမြင်အာရုံ ချို့ယွင်းသွားခဲ့ပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲသံ၊ လက်နက်ကြီးသံ၊ လေယာဉ်သံတွေကြားထဲ သေကြေပျက်စီးမှုသတင်းတွေကို ကြားနေရတဲ့ ဒေါ်ဘယ်နဒဲတာ တယောက် တရက်လေးမှ စိတ်အေးရတယ်ဆိုတာမျိုး မရှိပါဘူး။ ရှေ့တန်းသွားနေတဲ့ တော်လှန်ရဲဘော် သား သုံးယောက်အတွက် မိခင်တယောက်ရဲ့ စိုးရိမ်သောကတွေက ရင်ဘတ်နဲ့ မဆန့်အောင် ပြည့်နှက်နေတာပါ။

“စိတ်မပျော်ဘူး၊ မပျော်လည်း ပျော်အောင်ကြိုးစား‌နေရတယ်။ တိုက်ပွဲသွားပြီး သေတဲ့သူကများတော့ ကျမ သားအတွက်စိတ်ပူတယ်။ ဘုရားသခင်ပဲသူ့ကို ကူညီမယ် အဲ့လိုပဲ ပြောတော့တယ်။” လို့ ဒေါ်ဘယ်နဒဲတာက ပြောပါတယ်။

ရှေ့တန်းရောက်နေတဲ့ သားသုံးယောက်အတွက် သူမ လုပ်နိုင်တာက အဖဘုရားသခင်ရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းတာတခုတည်းပါ။ ရိုမန်ကက်သလစ်ဘာသာကို ယုံကြည်ကိုးကွယ်တဲ့ သူမအဖို့တော့ ဆုတောင်းတဲ့အခါ သားသုံးယောက်အတွက် ဖယောင်းတိုင် သုံးချောင်းထွန်းညှိထားချင်ပေမဲ့ ငွေကြေးမတတ်နိုင်တာကြောင့် အမြဲတမ်း တတိုင်ပဲ ထွန်းနေရပါတယ်။

ဆုတောင်းတဲ့အခါမှာလည်း သူမရဲ့ သားတွေအတွက်ချည်း မဟုတ်ပါဘူး။ ဘဝတူ တခြားသောမိခင်တွေရဲ့ သားတွေအတွက်ကိုပါ ဆုတောင်းပေးတတ်ပါသေးတယ်။

“ဆုတောင်းဖြစ်တယ် ပြည်သူ့ရဲဘော် အားလုံးအတွက် ဆုတောင်းဖြစ်တယ်။အဖွဲ့အစည်းနာမည် အားလုံးကိုတော့မသိဘူး။ ပြည်သူ့ရဲဘော်တွေ စည်းစည်းလုံးလုံးနေဖို့ဆုတောင်းတယ်။ ဖယောင်းတိုင် ဝယ်နိုင်တုန်းကဆို တရက်ကို (၃)တိုင်ထွန်းတယ်။ အခုတော့မဝယ်နိုင်တော့ တတိုင်ပဲထွန်းနိုင်တော့တယ်။ နေ့တိုင်းထွန်းတယ်။ မနက်ကောညကော ဆုတောင်းတယ်။” လို့ဆိုပါတယ်။

သားသမီးတွေကို ဝမ်းအနာခံပြီး မွေးထုတ်ထားသလို၊ အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုခဲ့တဲ့ ဒေါ်ဘယ်နဒဲတာ တို့လိုမိခင်တွေအဖို့ တမလွန်ဘဝကို သွားတဲ့အချိန်မှာ သားသမီးတွေပို့ဆောင်ပေးတာကိုသာ လိုချင်နေပါတယ်။

ဒါပေမဲ့လည်း အခုခေတ်ကာလ နိုင်ငံရေးအခြေအနေတွေအရတော့ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်သူ သားသမီးတွေကို မိဘတွေက ပြန်ပို့ပေးနေရတာတွေကို ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတတ်တာကြောင့်လည်း ဒေါ်ဘယ်နဒဲတာ တယောက် စိတ်မချမ်းမြေ့ပါဘူး။

ဒေါ်ဘယ်နဒဲ‌တာလိုပဲ သားတွေကို ရှေ့တန်းမသွားဖို့တားပေမဲ့ သားတွေရဲ့ တော်လှန်လိုစိတ်၊ လူငယ်တွေရဲ့ ဆန္ဒ ကို မလွန်ဆန်နိုင်တာကြောင့် ရှေ့တန်းကို မလွှတ်ချင်ပဲ လွှတ်လိုက်ရတဲ့ မိခင်တွေ ကရင်နီပြည်ထဲမှာ ဒုနဲ့ဒေး ရှိနေပါတယ်။

ဒါပေမဲ့လည်း ပြည်သူ့ရဲ့ဘော်တွေဖြစ်တဲ့ သားတွေကို အဆုံးထိအောင်မြင်အောင် လုပ်ဆောင်ဖို့ ဒေါ်ဘယ်နဒဲတာက တိုက်တွန်း စကားပြောလိုက်ပါသေးတယ်။

“ကျမ တောင်းဆိုချင်ဆုံးကတော့ ဒီအရေးတော်ပုံကြီး မြန်မြန်အောင်ပြီး ရွာကိုမြန်မြန်ပြန်ချင်ပြီ။ အခု ဒီမှာနေတာကြာပြီ နှစ်နှစ်တောင်ပြည့်ပြီလေ။ ကျမရွာမှာ ပြန်ချင်တယ်။ တောင်ယာပြန်လုပ်ချင်တယ်။ ကိုယ့်လုပ်အားနဲ့ စိုက်ထားတာစားချင်တယ်။ ကျမတို့ဒီမှာနေတာ အလှူရှင်ပဲ မျှော်နေရတယ်။ သူများကျွေးတာပဲ စားနေရတယ်။ မြန်မြန်အောင်ပြီး(အရေးတော်ပုံ) ကိုယ့်ခွန်အားနဲ့ကိုယ် စိုက်စားချင်တယ်။ ” လို့ ဒေါ်ဘယ်နဒဲတာက ပြောဆိုလိုက်ပါတယ်။

spot_img
spot_img

Recent posts