spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကိုင်တော်လှန်မှုမှာ ပါဝင်နေတဲ့ အထက်တန်းပြကျောင်းဆရာ

ကန္တာရဝတီတိုင်း(မ်)

အခုလိုမျိုး အာဏာသိမ်းကာလမှာ စစ်အာဏာရှင်စနစ်ကို မနှစ်သက်တဲ့ ပြည်သူတိုင်း က တတ်နိုင်တဲ့နေရာကနေ တော်လှန်ရေးမှာ ပါဝင်ကြပြီး လက်နက်ကိုင် တော်လှန်နေကြတဲ့ လူငယ်လူရွယ်တွေလည်း အများကြီးရှိနေပါတယ်။ အဲ့ဒီအထဲမှာ အထက်တန်းကျောင်းဆရာတစ်ဦး ဖြစ်တဲ့ ခူးရယ်(အမည်လွဲ)လည်း ပါဝင်ပါတယ်။

သူကတော့ ၂၀၁၉ခုနှစ်မှာ ဝါဿနာပါတဲ့ ကျောင်းဆရာအလုပ်စတင်လုပ်ကိုင်ခဲ့ပြီး လုပ်သက်နှစ်နှစ်သာရှိသေးတာပါ။ နိုင်ငံရေးအခြေအနေကြောင့် စစ်အာဏာရှင်စနစ်ကို ဖီဆန်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး တော်လှန်ရေးကာလမှာ လက်နက်ကိုင်တဲ့ လမ်းစဥ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ အရင်တုန်းက ကျနော ကျောင်းဆရာ လုပ်ပါတယ်။ ကျောင်းဆရာဝါဿနာ ပါတာပေါ့နော။ နောက် ကျောင်းဆရာကနေ နိုင်ငံရေးထပြီး အဓိကရုဏ်းဖြစ်တော့ ကျနောတို့ ဘယ်လိုမှ အဆင်မပြေနိုင်တော့လို့ ကျနောတို့ တတ်နိုင်တဲ့ဖက်ကနေ ပြည်သူတွေကို ပါဝင်ကူညီချင်လို့ CDMလုပ်ရင်း ဒီဖက်မှာ သင်တန်းလာတက်ခဲ့တာ။ “

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေ၊ တလဲဒူဆို(ခ) ညာမို မှာ ဖွင့်လှစ်တဲ့ အခြေခံ စစ်သင်တန်းကို တက်ရောက်ခဲ့ပြီး သူတက်ခဲ့တဲ့ အပတ်စဥ်မှာတော့ CDMလုပ်တဲ့သူ (၂၀)ကျော်လောက် လည်း တက်ရောက်ကြတယ်လို့သိရပါတယ်။ အခြေခံ စစ်သင်တန်း အပတ်စဥ်(၇၁)ကို တက်ရောက်ခဲ့တာ ဖြစ်ပြီး လူဦးရေ သုံးရာကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် သူက ကရင်နီတပ်မတော် KA ထဲကို ပူးပေါင်းပါဝင်လိုက်ပြီ ဖြစ်ပါတယ်။

လူငယ်အများစုက စစ်အာဏာကိုတော်လှန်တဲ့နေရာမှာ လက်နက်ကိုင်တဲ့ လမ်းစဥ်ကို ရွေးချယ်ကြတဲ့အပေါ် ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင် အဆုံးထိ ချီတက်ကြဖို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးဒယ်နီယာယ်က အခုလို ဆိုပါတယ်။

“ သူတို့အနေနဲ့ ဒီပထမကတော့ စစ်အာဏာရှင်ကို သပိတ်မှောက် ဆန္ဒပြတဲ့ထဲမှာ သူတို့ပါတယ်။ ဥပမာ CDMဝင်တယ်ဆိုတာကလည်း သပိတ်မှောက်တာပဲ။ စစ်အာဏာရှင်တွေက လက်နက်နဲ့ ဖြိုခွဲတဲ့အထိ ဖြစ်လာတယ်။ သူတို့မှာလည်း ဒီလိုမျိုးပါးစပ်နဲ့ အော်လို့မရတော့ဘူးပေါ့လေ။ ဆိုတော့ ဒီလက်နက်ကိုင်တဲ့ လမ်းစဥ်ကိုပဲ အများက ရွေးကြတယ်။ အဲ့ဒီအထဲမှာ သူတို့ CDMတွေလည်း ရွေးစရာလမ်းကြောင်းက ဒီတစ်ခုပဲရှိတယ်။ တကယ်တမ်း ဒီစစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ဆိုတာက သူတို့က လက်နက်နဲ့ ဖြိုခွဲမှတော့ ကိုယ်ကတော့ လက်နက်နဲ့လည်း ဖြိုခွဲတယ်ပေါ့လေ။ CDMဝင်တဲ့သူတွေဖြစ်ဖြစ် လူငယ်တွေ ဖြစ်ဖြစ်ပေါ့လေကိုယ့်ရဲ့ရည်မှန်းထားတဲ့ ပန်းတိုင်အရောက်ကတော့ အားလုံးချီတက်ကြဖို့လိုတယ်။ ကျရာအခန်းကဏ္ဍကနေ တာဝန်ထမ်းဆောင်ကြဖို့လိုတယ်ဆိုတာ သူတို့ကိုတော့မှာချင်တယ်။ “

ခူးရယ်(အမည်လွဲ) ကတော့ စစ်သင်တန်းမတက်ရောက်ခင်မှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှာ ပါဝင်ခဲ့ပေမယ့် သူတို့အတွက် လက်နက် အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနောတို့ ပြန်လည်ခုခံဖို့ပေါ့။ ခုခံမယ်ဆိုတာ သူတို့တိုက်လာမယ့် ရန်ကို ကာကွယ်ဖို့ အဲ့တာကို ကျနောတို့ တတ်နိုင်သလောက် တချို့ လူတွေက ဘာမှမရှိဘူးဆိုတောင်မှ အနောက်ကနေ ကျနောတို့ကို လိုက်ပေးတယ်။ ကျနောတို့ မရှိတဲ့အပြင် ရှိတဲ့ တူမီးသေနတ် လေးတွေ ကိုင်ပြီးတော့ ကျနောတို့ ပြန်ခုခံဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် နောက်ဆုံး တကယ်တွေးကြည့်တော့ ဒီတူမီးသေနတ်နဲ့ သူတို့ နဲ့ ယှဥ်ဖို့ ဆိုလို့ရှိရင် သူတို့သေနတ်နဲ့ ကျနောတို့နဲ့က အရမ်းကွာလွန်းတယ်။ “

ခူးရယ်(အမည်လွဲ) ကတော့ ဒီတော်လှန်ရေးမှာ တတ်နိုင်တဲ့ဖက်ကနေ လိုအပ်တဲ့နေရာမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေပြီး တော်လှန်ရေး တစ်ထောင့်တစ်နေရာမှာ ပါဝင်လိုတဲ့သူဖြစ်ပါတယ်။ အနာဂတ်အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တဲ့အတွက် ပင်ပန်းပေမယ့် အားတင်းထားပြီး ပါဝင်ဆောင်ရွက်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“ မောတော့ မောတာပေါ့ စိုင်းထီးဆိုင် သီချင်းလိုပဲ မမောဘူးပေါ့။ တောင်တက်တောင်ဆင်းကတော့ ကျနောတို့ ငယ်ငယ်ကတည်းက လုပ်နေကျ ဒါပေမယ့် ကြီးလာတော့ သိပ်မလုပ်ဖြစ်တော့ နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့။ ဒါပေမယ့် ကိစ္စမရှိပါဘူး အကုန်လုံးက အနာဂတ် နှောင်ရေးအတွက် တွေးပြီးတော့ ကျနောတို့ လုပ်တဲ့အလုပ်တွေကတော့ ပင်ပန်းပေမယ့် ပျော်ပါတယ်။ “

လက်ရှိမှာဆိုရင် ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေအများစု ဟာဆိုရင်လည်း ကျောင်းတက်ရမယ့် အရွယ် လူငယ်တွေ အများစုဖြစ်ပါတယ်။ ခူးရယ် (အမည်လွဲ)ကတော့ အနာဂတ်မှာ လင်းလက်လာမယ့် ကြယ်ပွင့်တွေဖြစ်တဲ့ သူ့ရဲ့ တပည့်တွေအတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။

“ စိုးရိမ်တယ်။ သူတို့အတွက် တအား စိုးရိမ်စိတ်ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက တကယ့် အနာဂတ်မှာ တန်ဖိုးရှိတဲ့ ကလေးတွေ ပြီးတော့ သူတို့ကို တကယ်ပြုစု ပျိုးထောင်ပေးချင်တယ်။ ပြီးတော့ တကယ် မေတ္တာ၊ စေတနာ ထားခဲ့တယ်။ ကိုယ်ထားခဲ့ပြီးတော့ ဒီလိုမျိုး ဖြစ်လာပြီး ဝေးသွားတဲ့ ခါကျတော့ ဒိအချိန်မှာ သူတို့ အဆင်ကော ပြေကြရဲ့လား။သူတို့ဖက်မှာ ဘယ်လိုတွေ ဖြစ်နေလဲ အဲ့တာ ကိုလည်း မသိနိုင်တော့ဘူး။ ပြီးတော့ သူတို့ဖက်က တနည်းအားဖြင့် တကယ်ကို သွားလာဖို့ခက်ခဲတဲ့နေရာတို့ တကယ့် စစ်မြေပြင်ကြီးလိုလည်း ဖြစ်နေတယ်။ အဲ့လိုတွေ ဖြစ်နေတယ်။ အဲ့ဒီတွေ သူတို့အတွက်တွေးပြီးတော့ စိတ်ပူမိပါတယ်။ သတိလည်းရပါတယ်သူတို့ကို။ “

တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် ပြည်သူတွေအားလုံး စည်းလုံးညီညွှတ်စေချင်တယ်လို့ သူက ဆိုပါတယ်။

“ ကျနောတစ်ခုပြောချင်ပါတယ်။ အကုန်လုံးကိုပေါ့ လောကမှာ အလင်းရှိရင် အမှောင်ဆိုတာရှိမယ်။ အကောင်းရှိရင် အဆိုးရှိမယ်။ တစ်နည်းအားဖြင့် ဆိုးတာကို ခံနိုင်ရင် ကောင်းတာ ကျနောတို့ ကြုံရမှာပါ. မကြာခင် ဖြစ်လာမှာပါ။ အဓိကတော့ ကျနောတို့ အကောင်းဆုံး ကောင်းတဲ့စိတ်ဓါတ်လေးတွေ ကျနောတို့မွေး တစ်စည်းတစ်လုံးတည်း ဖြစ်ပြီးတော့ တစ်နည်းအားဖြင့် ကျနောတို့ စည်းစည်းလုံးလုံးပဲ ဖြစ်စေချင်တာပေါ့။ “

(ကျောင်းဆရာအမည် ခူးရယ် မှာ သူ၏ အမည်အရင်းမဟုတ်ဘဲ အမည်လွဲသာ ဖြစ်ပါတယ်။)

spot_img
spot_img