spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးကြောင့် သားအမိ သုံးဦး ထိခိုက်ဒဏ်ရာရရှိ

Author

Date

Category

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်) )

ယမန်နေ့ (ဇန်နဝါရီလ ၂၂ ရက်) ည ၈ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ် တစ်နေရာမှ ၅ နှစ်အောက် ကလေးငယ်နှစ်ဦး နဲ့ အသက် ၃၀ အရွယ် မိခင်ဖြစ်သူ သားအမိ သုံးဦး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အမေဖြစ်သူကတော့ ခြေထောက် နှစ်ဖက်စလုံးကို ထိခိုက်ထားပြီး သားအကြီးမှာ ထိခိုက်ဒဏ်ရာနည်းပေမယ့် ၂ နှစ်အရွယ်သာရှိသေးတဲ့ အငယ်ဆုံး ဒူး၊ ခြေတောက်အပြင် လက်မလည်း ပြတ်ထွက်သွားတယ်လို့ အဖိုးဖြစ်သူက ပြောပါတယ်။

” အမေဖြစ်သူကတော့ ခြေထောက်မှာ ထိတယ်။အကြီးကြီးပဲ။ဘယ်ဘက်မာကော ညာဘက်မာကော နှစ်ဘက်လုံးထိတယ် ကြေမွကုန်တယ်။ သားအကြီးတစ်ယောက်တော့ နည်းနည်းပဲ ထိတယ်။ အငယ်ဆုံးတစ်ယောက်ကတော့ ၂ နှစ်ပဲရှိသေးတယ်။ သူ့ခြေထောက် ဒူးမှာထိတယ်။ အောက်ဘက်မှာလည်း ထိတယ်။ လက်မာလည်းထိတယ်။ လက်မက ပြတ်သွားတယ်။ ကျန်တဲ့လက်တွေလည်း အဆင်မပြေတော့ဘူး ” လို့ အဖိုးဖြစ်သူက ပြောပါတယ်။

လက်နက်ကြီးဟာ သူတို့ နေထိုင်တဲ့ အိမ်ခေါင်မိုး အပေါ် တည့်တည့်ကျလာတာဖြစ်ပြီး နေအိမ်လည်း မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သားအမိ သုံးဦးကတော့ အသက် အန္တရာယ် စိုးရိမ်စရာ မရှိပေမယ့် သူ့မြေးအနာဂတ်အတွက်တော့ စိုးရိမ်တယ်လို့ အဖိုးဖြစ်သူကဆက်ပြောပါတယ်။

ဒါ့အပြင် တချို့ကျေးရွာတွေထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး နေအိမ် ၂ လုံး ထိခိုက် ပျက်ဆီးသွားတဲ့အပြင် နွားတစ်ကောင်လည်း ဘယ်ခြေထောက်ပြတ်သွားတယ်လို့ သိရပါတယ်။

ယမန်နေ့ မနက်အစောပိုင်း ၄နာရီခွဲ ဝန်းကျင်လောက်ကတည်းက ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ စစ်ကောင်စီတပ် နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် ( KNDF ) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင်ဖက်တကျောမှာလည်း ဇန်နဝါရီလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီးမော့ဆို အရှေ့ခြမ်းကတော့ လက်နက်ကြီးကျတာရှိပါတယ်။ လက်နက်ကြီး ပစ်တာ အများကြီးရှိတယ်။ ခြောက်မိုင်ဖက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်ပေါ့။ ဒီမနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။ “ လို့ သူက ပြောပါတယ်။

ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်ကနေပြီး ယမန်နေ့ညနေ ကတည်းကနေ ဒီကနေ့ (ဇန်နဝါရီလ ၂၃ရက်) မနက်ပိုင်းအထိ လက်နက်ကြီး တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ ၂၂ရက်နေ့အထိ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်တွေမှာ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုမှာ ကလေးငယ်အပါအဝင် အနည်းဆုံး ၁၁ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts