spot_imgspot_imgspot_imgspot_img
Sunday, May 12, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးစ ထိမှန်မှုကြောင့် (၈)နှစ်အရွယ် စစ်ရှောင်ကလေးတစ်ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ယမန်နေ့(အောက်တိုဘာလ ၇ရက်) မွန်းလွဲ ၁နာရီ ၂၀မိနစ်မှာ နေအိမ်အနီး လက်နက်ကြီး  ကျရောက်မှုကြောင့် အသက်(၈)နှစ်အရွယ် ယောင်္ကျားလေး စစ်ရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“ သူတို့နေတဲ့အိမ်ဘေးနားမှာ ကျတာ အဲ့ကလေးငယ်က အိမ်ပေါ်ကို တက်သွားတယ်။ သူအရုပ်ဆော့မလို့နဲ့တူတယ် ကစားမလို့ အိမ်ပေါ်ကို တက်သွားတော့ အိမ်ဘေးမှာ လက်နက်ကြီးကျတော့ အစက အိမ်ပေါ်ကို စင်ပြီးတော့ သူ့ကိုထိတာ။ ခါးအပေါ်နားမှာ ထိတာ အဆုတ်လား ဒါမှမဟုတ် ကျောက်ကပ်ကို ထိသွားလားမသိဘူး။ သူ့ကို ဆေးခန်းပို့သေးတယ် ဆေးခန်းရောက်တဲ့အချိန်မှာပဲ မမှီတော့ဘူး။ “ လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီးစ ထိမှန်တဲ့ ကလေးရဲ့ မိသားစုဝင် ၉ယောက်ရှိပြီး သူတို့ကတော့ ဖရူဆိုမြို့ပေါ်ကနေ စစ်ရှောင်လာကြတာဖြစ်ပါတယ်။ လက်ရှိမှာ အကူအညီလိုအပ်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

“ ဆုံးသွားတဲ့ကလေးက အငယ်ဆုံးပဲပေါ့နော။ အကုန်လုံးက မြို့ပေါ်ကနေ စစ်ရှောင်နေရာဆီ စစ်ရှောင်ရတဲ့အတွက် အလုပ်အကိုင်လည်း မရှိဘူးဆိုတော့ အခု ဈပနာ အတွက်တောင်မှ အခက်ခဲဖြစ်နေတယ် အဆင်မပြေဘူးအဲ့လိုပေါ့။ အစကတည်းက ခက်ခဲနေတယ်ဆိုတော့ ကလေးငယ် အဲ့လို ထပ်ဆုံးတော့ ပိုပြီးတော့ အခက်ခဲဖြစ်နေတယ်ပေါ့။ “ လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီ ကျေးရွာမှာ လက်နက်ကြီး ၂လုံး ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ် နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒေသခံနဲ့ စစ်ရှောင်တွေ နေထိုင်နေတဲ့ ကျေးရွာဖြစ်ပြီး အခုလို ကျေးရွာတွင်း လက်နက်ကြီး ကျရောက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် ( ၁၄ ) တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာကို လက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်ပြီး ယမန်နေ့ တစ်ရက်တည်းမှာ လက်နက်ကြီး ၆လုံး ပစ်ခတ်ခဲ့ တယ်လို့ ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDFတပ်ရင်း (၁၅) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ အောက်တိုဘာလ (၄)ရက်နေ့ကနေစပြီး (၇)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပြီး အောက်တိုဘာလ (၅)ရက်နေ့မှာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

စစ်ကောင်စီကနေ ၁၂၀ မမ လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုတွေမှာ ၄ရက်အတွင်း  ဒေသခံပြည်သူနေအိမ် (၉) လုံး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တဲ့နေရာတွေဟာ ပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေ ဖြစ်ပြီး တိုက်ပွဲနေရာမဟုတ်သလို စစ်ကောင်စီကနေ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ KNDF တပ်ရင်း(၁၅) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img