spot_img
Wednesday, December 7, 2022
spot_img

လက်နက်ကြီးထိမှန်ပြီး ဒီးမော့ဆိုအရှေ့ဖက်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်လအတွင်း အရပ်သား ၁၁ ဦးသေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ယမန်နေ့ (စက်တင်ဘာလ ၂၂ရက်နေ့) က လက်နက်ကြီးထိမှန်ပြီး အရပ်သား အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ရတယ်လို့ နွေဦးဂုရုလေးများ ဒါရိုက်တာ တစ်ဦးက ပြောပါတယ်။

“ညနေပိုင်း ၄နာရီ ၅နာရီဝန်းကျင်ပေါ့နော။ သူ ဒေါခူလီက မိန်းကလေးတစ်ယောက်ပေါ့နော။ သူမြေပဲခင်းမှာသွားပြီးတော့ အလုပ်လုပ်နေရင်းနဲ့ပေါ့။ လက်နက်ကြီး ကျလာတယ်ပေါ့။ သူတစ်ခါတည်း ပွဲချင်းပြီးသေသွားတယ်ပေါ့။” လို့ နွေဦးဂုရုလေးများ ဒါရိုက်တာ တစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့ရသူဟာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒေသခံတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ယမန်နေ့က ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခလရ ( ၁၀၂ ) တပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ လက်နက်ကြီးပစ်လာတော့ ကျနော်တို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းပေါ့နော။ ပါဒေါဒူတို့ ဘာတို့ တစ်ဝိုက်မှာ တောက်လျှောက်ကျတယ်။ ဒီလက်နက်ကြီးက ဒီညနေပိုင်းမှာပေါ့နော။ တောက်လျှောက်ကျတယ်။ ပတ်ပတ်လည်မှာကျတယ်။ ဒီဒေါခူလီမှာကျတဲ့တစ်လုံးက အဲ့ဒီဒေသခံ ရွာသားက ခြံကနေ ပြန်လာတယ် ဆိုလားပဲ ပြန်လာရင်းနဲ့ လက်နက်ကြီးကျရင်း သူ့ကို ထိသွားတယ်။ နေရာမှာတင် သူဆုံးသွားတယ်။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့စာရင်းအရ ကရင်နီပြည်တွင်းမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ကျည်ထိမှန်၊ သတ်ဖြတ်မှုတွေကြောင့် စက်တင်ဘာလ ၁ရက်နေ့မှ ၂၂ရက်နေ့အတွင်း အသက်မပြည့်သေးတဲ့ ကလေးသုံးဦးအပါအဝင် အရပ်သား ၁၁ဦး သေဆုံးခဲ့ရပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ အရပ်သား ၂သိန်းကျော်ရှိနေပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေရတဲ့အတွက် နေရပ်ကို ရိက္ခာတွေပြန်ယူရင်း စစ်ကောင်စီသတ်ဖြတ်ခံရတာတွေရှိသလို မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် ထိခိုက်မှု၊ သေဆုံးရတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ရက်နေ့မှာလည်း ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ မိသားစုတစ်စု ဆိုင်ကယ်နဲ့ ရိက္ခာပြန်ယူရင်း မိုင်းထိမိခဲ့ပါတယ်။ အသက် ၄၀ကျော်အရွယ်အမျိုးသားတစ်ဦး ခြေတောက်ထိခိုက်ဒဏ်ရာရပြီး ၁၀လသားအရွယ် ကလေးငယ်တစ်ဦး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး ဒါဟာ International Humanitarian Law ကို ကျူးလွန်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

“ အဲ့ဒီဟာကတော့ စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်စွတ်ဖက်ဖို့ နည်းလမ်းက တော်တော်လေးခဲယဉ်းတဲ့ အဆုံးအဖြတ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံရဲ့ အတွေ့အကြုံကို ကြည့်မယ်ဆိုရင် International Humanitarian Law ကို ကျူးလွန်ပြီဆိုရင် နိုင်ငံတော်တော်များများက ဝင်ရောက်စွတ်ဖက်လို့ ရတဲ့ အနေအထားတစ်ခုကို တချို့နိုင်ငံတွေရဲ့ သက်သေအရ ကျနော်တို့ တွေ့နိုင်ပါတယ်။ ဒါပေမယ့်ဒီဟာအရေးကြီးဆုံးက UNကနေ သွားတဲ့ လုပ်ထုံးလုပ်နည်းက ပိုပြီးတော့မှ သဟဇာတဖြစ်မလားပေါ့။ ဆိုတဲ့ စဉ်းစားချက်ကတော့ ရှိနေပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှုတွေဟာ ဆက်တိုက်ရှိလာနေပြီး ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၄ရက်နေ့အထိ အရပ်သားထိခိုက်သေဆုံးမှု ၂၆၇ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အရပ်သားသေဆုံးမှု အများစုဟာ လက်နက်ကြီးထိမှန်တာနဲ့ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၂ရက်နေ့က လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ။
spot_imgspot_imgspot_imgspot_img

More from the blog

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။ ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း...

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲ

ကန္တာရဝတီတိုင်း(မ်) ဒီဇင်ဘာလ ၅ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။ "ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ်ကျမတို့လုပ်တာမိဘ( ၁၀ )ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါတယ်။ မိဘတွေအများကြီးတက်ရောက်လာတယ်...

လွိုင်ကော် ၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာ နဲ့ ကျေးရွာဝန်းကျင်တွေမှာ နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ၅ရက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦး သေဆုံးခဲ့တယ်လို့...

လက်နက်ကြီးရန်ကြောင့် စာသင်ကျောင်း ရွေ့ပြောင်းဆောက်လုပ်၊ စာရေးကိရိယာများ လိုအပ်နေ

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်)) ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်လာတာကြောင့် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတစ်ခုမှာ ဖွင့်လှစ်နေတဲ့ စာသင်ကျောင်းတစ်ခုဟာ လုံခြုံနိုင်မယ့် တောထဲ တစ်နေရာကို ရွေ့ပြောင်းဆောင်လုပ်နေရပြီး အမိုးအကာ လိုအပ်ချက်တွေလည်းရှိနေတယ်လို့ ကျောင်းမှာ စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ “ လက်နက်ကြီး ရွာထဲ တစ်ခေါက် နှစ်ခေါက်ကျသွားတယ်။...