spot_imgspot_imgspot_imgspot_img
Thursday, May 22, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးထိမှန်မှုကြောင့် ဇူလိုင်လအတွင်း အရပ်သားပြည်သူ ၂ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဇူလိုင်လ ဒုတိယနဲ့ တတိယပတ် အတွင်းမှာ အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ရသလို ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ (ဩဂုတ် ၃ရက်)မှာ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် (KCSN) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၃၁ရက်နေ့မှာ စစ်ကောင်စီအခြေစိုက်စခန်းနှစ်ခုဖြစ်တဲ့ ငွေတောင် (၁၀၂)တပ်ရင်း နဲ့ ဖရူဆိုအခြေစိုက် (၄၂၈)တပ်ရင်းတို့မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု (၁၀)ကြိမ်ခန့် ပစ်ခတ်ခဲ့ရာမှ လက်နက်ကြီးကျရောက်မှုကြောင့် အသက် ၁၃နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ ဒီးမော့ဆိုအရှေ့ခြမ်းမှာလည်း လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် ၂နှစ် ၈လ ကလေးငယ်တစ်ဦး လက်နက်ကြီးစရှထိခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့မှာလည်း မိုးဗြဲမြို့ မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် စည်ကား ၃ ရပ်ကွက်နေ အသက် ၇၀ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး စည်ကား (၁) ရပ်ကွက်နေ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာလည်း လက်နက်ကြီးကြောင့် စည်ကား ၁ရပ်ကွက်နေ ပြည်သူနှစ် ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒေသတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေဟာ တောတောင်ထဲစစ်ရှောင်နေရပေမယ့် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ စစ်ရှောင်စခန်းထဲ ကျရောက်လျက်ရှိနေပါတယ်။

“ လက်နက်ကြီး သံကြားပြီဆိုရင် တောင်ကြောပေါ်တို့ တောင်ပေါ်တို့ ဂူထဲတို့ သွားပုန်းနေကြတယ်။ တချို့ဆိုရင် ဗုံးခိုကျင်းတူးထားတာရှိတယ် ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတယ်ပေါ့။ လက်နက်ကြီးက အဆက်မပြတ် ကျလာတာလည်းရှိတယ် တခါတလေလည်း တစ်လုံး၊ နှစ်လုံး ပဲ ကျတာရှိတယ်။ “ လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုလုပ်ဆောင်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ရှုတ်ချထားပါတယ်။

spot_img
spot_img