spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာ ခိုလုံနေတဲ့ အဘွားတစ်ဦးထိမှန်သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇူလိုင်လ ၂၅ရက်) ညနေပိုင်းအချိန် ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် စက်တော်ရာဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေတဲ့ အသက် ၇၀ ကျော် အဘွားတစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။

“လက်နက်ကြီးထိမှန်လို့ဆုံးသွားတယ်ပေါ့။ ကျနော်တို့ရောက်တဲ့အချိန် အသက်မရှိတော့ဘူးဗျ။ ကျနော်တို့အဖွဲ့ကိုဆက်သွယ်လာတော့ သွားရောက်ကယ်ဆယ်ဖို့ကြိုးစားတဲ့အချိန်မှာပဲ အသက်ကမရှိတော့ဘူးပေါ့နော။” လို့ Mobye Rescue Team အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတဲ့သတင်းကြောင့် ဒေသခံတွေ စိတ်ချလုံခြုံနိုင်တဲ့နေရာတွေမှာ သွားရောက်ခိုလှုံနေတာဖြစ်ပြီး လက်နက်ကြီးကျရောက်မှုကြောင့် အဘွားတစ်ဦး ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သောင်းကျန်းနေတဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိလာနိုင်တာကြောင့် မြို့တွင်းကျန်ရစ်တဲ့ပြည်သူတွေအနေနဲ့ အသွားအလာ လုံးဝမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ဒီကနေ့(ဇူလိုင်လ ၂၅ရက်) နေ့ခင်းပိုင်းမှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားတာရှိပါတယ်။

ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကလည်း မိဘပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ပစ်ခတ်မှုအတွင်း လက်နက်ကြီးထိမှန်၊ ဒဏ်ရာရရှိတာ ရှိပါက Mobye Rescue Team ကိုဆက်သွယ်ပေးဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၈)ရက်နေ့က မိုးဗြဲမြို့ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဆုတ်သွားတဲ့အချိန် နယ်မြေရှင်းလင်ရေးလုပ်ဆောင်တဲ့အခါ တပ်စွဲခဲ့တဲ့ ဘုရားကျောင်းကိုဖျက်ဆီးခဲ့တာ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာ၊ ခိုးယူတာတွေ ကျူးလွန်ခဲ့တယ်လို့ မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့ကို အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိကြီးစွာနဲ့ နေထိုင်ကြဖို့ မိုးဗြဲ PDF က အသိပေးထားတာရှိပါတယ်။

ဓါတ်ပုံ – Mobye Rescue Team
spot_img
spot_img