spot_imgspot_imgspot_imgspot_img
Tuesday, June 24, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီးရန်ကြောင့် အထက်တန်းစာသင်ကျောင်း နေ့တစ်ပိုင်းသာဖွင့်လှစ်

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်နေရာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီးနောက် အထက်တန်း စာသင်ကျောင်းကို နေ့တစ်ပိုင်းသာဖွင့်လှစ်သင်ကြားတော့တယ်လို့ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

ကျောင်းဆရာမတစ်ဦးက ” ဒီအချိန်မှာ ကျွန်မတို့က ငှက်ကလေးတွေ ကြက်ကလေးတွေဆုံးရှုံးသွားတာတောင်မှ ကျွန်မတို့ မမြင်ချင်တော့ဘူး။ ကိုယ်တွေရဲ့ကလေးဆိုရင် ပိုဆိုးတယ်ပေါ့နော။ လူ့အသက်တွေဆိုရင် ပိုဆိုးတာဖြစ်တဲ့အတွက် ကျွန်မတို့ကတော့ ဒီအန္တာရာယ်ဘယ်လောက်ထိ ဆိုးရွားလာမယ့် အခြေနေပေါ်မူတည်ပြီးတော့ ကျွန်မတို့အခြေနေကောင်းရင်လည်း ဆက်ဖွင့်သင့်ရင်လည်း ဆက်ဖွင့်မယ်။အခြေနေဆိုးရင်လည်း ဆက်ပိတ်ရင်လည်းပိတ်ဖို့တွေလည်း ရှိတယ်ပေါ့နော” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ စာသင်ကျောင်းရှိရာဖက်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုကြောင့် ကျောင်းတစ်ပတ် ပိတ်ထားခဲ့ရပြီး နောက်ပိုင်းမှာသာ မနက်ပိုင်း ၈နာရီမှ ၁၂နာရီထိ နေ့တစ်ပိုင်းသာ ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါအထက်တန်းစာသင်ကျောင်းဟာ စစ်ဘေးရှောင်နဲ့ ကျေးရွာဒေသခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၀၀ ကျော် မှီခိုအားထားရတဲ့ ကျောင်းဖြစ်ပါတယ်။ လက်နက်ကြီးကျရောက်ပြီးနောက် စိုးရိမ်ထိတ်လန့်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၃၀၀ ကျော်သာ တက်ရောက်ကြတော့တယ်လို့ ကျောင်း ဆရာမတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ထဲမှာ စစ်ဘေးရှောင်စခန်းတစ်နေရာက အလယ်တန်းကျောင်းဝန်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်ရှိအချိန်ထိ နေ့တစ်ပိုင်းသာ ဖွင့်လှစ်သင်ကြားနေရပါတယ်။

ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းမှာ စာသင်ချိန်အတွင်း လက်နက်ကြီးကျရောက်မှာစိုးရိမ်တဲ့အတွက် ကျောင်းတာဝန်ရှိသူတွေက နေ့တစ်ပိုင်းသာဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်း နှစ်ကျောင်းရှိနေပြီလို့ ဒေသခံတွေကဆီကနေ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ကြားကာလပညာရေးကျောင်းဖွင့်လှစ်နေတဲ့ မူလတန်း၊ အလယ်ပိုင်း၊ အထက်တန်း ကျောင်းပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img