spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ဖမ်းမိထားတဲ့ တပ်သားတချို့ရဲ့ သတင်းစကားကို KNDFထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေဆီကို လက်နက်ချပြီး ပြည်သူနဲ့အတူ ရပ်တည်ဖို့ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လူသားချင်းစာနာ ထောက်ထားမှုနဲ့အညီ ဆက်ဆံပြုမူခံနေရကြောင်း ပြောဆိုထားတဲ့ သတင်းစကားတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုဖိုင်နဲ့ အသိပေးထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ကထုတ်ပြန်ထားတဲ့ ဗီဒီယိုဖိုင်မှာ လွိုင်ကော် တက္ကသိုလ်တိုက်ပွဲအတွင်းမှာ အလံဖြူထောင်ပြီး လက်နက်ချခဲ့တဲ့ ဗိုလ်ကြီးကောင်းမြတ်သူလည်း ပါဝင်ပါတယ်။

“စစ်ရဲ့ အနှစ်သာရက ခုနက မိသားစုပြိုကွဲတာတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေ၊ အသက်အိုးအိမ်ပျက်စီးတာတွေ အဲ့ဒါတွေဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီအကောင်းဆုံးကတော့ ဒီပြည်သူလူထုထံ ဝင်ရောက်ပြီးမှ ခိုလှုံတာက အကောင်းဆုံးဘဲလို့ ကျနော်က တိုက်တွန်းချင်ပါတယ်” လို့ ဗိုလ်ကြီးကောင်းမြတ်သူ က ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်ကြီး အေးချမ်းသာယာစွာနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ကိုယ့်စစ်သည်အပေါ်ရော ပြည်သူလူထုအပေါ်ပါ ငဲ့ညှာဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုချင်တယ်လို့ ဒီးမော့ဆို၊ ကျောက်ဆည်ကန်တိုက်ပွဲအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ တပ်သား ရဲရင့်နိုင်က ဆိုပါတယ်။

“ဒီ စစ်ကောင်စီဖက်က တပ်မတော်ဖက်က မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အကြီးအကဲတွေ အားလုံးပေါ့ ပြည်သူလူထုအပေါ်ရော ကိုယ့်စစ်သည်အပေါ်ရော တစ်ချက်‌လောက်ပြန်ငဲ့ကြည့်ပေးစေချင်တယ်။ ပြည်သူလူထုနဲ့လည်း အမြန်ဆုံး ဟို ကျနော် ပြည်သူလူထုနဲ့ ဒီမြန်မာနိုင်ငံကြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်မှ သာလျှင် ဒီ မြန်မာပြည်နိုင်ငံရေးက အေးအေးချမ်းချမ်းနဲ့ သာသာယာယာနဲ့ ဖွံ့ဖြိုးတိုးတက်လာမယ် လို့လည်း ပြောချင်တယ်ပေါ့ ။ ရဲရဲဝံ့ဝံ့ ယုံကြည်တယ် တိုးတက်လာမယ်လို့လည်း ယုံကြည်ပါတယ်။ အမြန်ဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်စေချင်ပါတယ်ပေါ့” လို့ တပ်သားရဲရင့်နိုင်က ဆိုပါတယ်။

အလားတူ မိမိတို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပြင်၊ မိမိကိုယ်တိုင်လည်း ဒုက္ခဖြစ်စေတာကြောင့် အလင်းဝင်လာရခြင်းဖြစ်တယ်လို့ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှာ လက်နက်ချ အလင်းဝင်လာတဲ့ ဆေးလက်ထောက် တပ်ကြပ်ကြီး လင်းကို က အခုလို ပြောလာပါတယ်။

“ကျနော်တို့လုပ်ခဲ့တဲ့အလုပ်က မှားယွင်းနေပြီဆိုတာကို သိနေတယ်။ မှားနေပြီ ဆိုတာသိတယ် ကျနော်တို့က လုံးဝအလင်းဝင်တာပေါ့။ ပြည်သူလူထုအပေါ်မှာလည်း ဒုက္ခပေးသလိုဖြစ်နေတယ်။ ပြီးတော့ တော်လှန်ရေး ရဲဘော်တွေကိုလည်း ဒုက္ခပေးတယ် ကိုယ့်ကိုယ်ကိုလည်း ဒုက္ခရောက်တယ်။ ပြည်သူအချင်းချင်းကို ကျနော်တို့က တိုက်နေရတဲ့ အဆင့် ဖြစ်တော့ မှားယွင်းမှုတွေကို ဆက်လုပ်နေတယ် ကျနော်တို့ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါကြောင့် အလင်းဝင်တာ “ လို့ ‌ဆေးလက်ထောက် တပ်ကြပ်ကြီး လင်းကို က ဆိုပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကတော့ အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ ဘယ်တပ်သားကိုမဆို လွတ်လပ်စွာထားရှိပြီး သူတို့ (အလင်းဝင်လာသူတွေ)ရဲ့ တာဝန်ထမ်းဆောင်လိုတဲ့ ရာထူးအတိုင်း ပြန်လည်ထမ်းဆောင်ခွင့်ပေးမယ်လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အလင်းဝင်လာတဲ့ သူတွေကို လွတ်လွတ်လပ်လပ် ထားပါတယ်။ သူတို့ သွားချင်တဲ့နေရာ သွားလို့ ရအောင်လည်း စီစဉ်ပေးပါတယ်။ နောက်ပြီး သူတို့ ရာထူးနဲ့ တာဝန်ပြန်ထမ်းဆောင်ချင်ရင်တော့ ရာထူးအတိုင်း တော်လှန်ရေးဘက်က ဖွဲ့ထားတဲ့ အစိုးရလက်အောက်မှာ ပြန်လည် တာဝန်ထမ်းဆောင်လို့ ရပါတယ်” လို့ KNDF ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမှားတွေအတွက်လည်း တောင်းပန်ချင်သလို အမှန်တွေအတွက်လည်း ဆက်ကြိုးစားသွားမယ်လို့ လွိုင်ကော်တက္ကသိုလ်တိုက်ပွဲမှာ လက်နက်ချအလင်းဝင်လာတဲ့ နောက်ထပ်တစ်ဦးဖြစ်တဲ့ ဆေးတပ်ကြပ် ညဏ်လင်းထက်က ဆိုပါတယ်။

“ကျနော်တို့ စစ်ကောင်စီဖက်မှာ နေခဲ့တဲ့အချိန်မှာ အမှားလုပ်သည်ဖြစ်စေ၊ အမှန်လုပ်သည်ဖြစ်စေ အခုချိန်မှာ ကျနော်တို့ ပြည်သူ့ရင်ခွင်မှာ ခိုလှုံပြီဖြစ်တဲ့အတွက် ကျနော်တို့အမှားလုပ်ခဲ့ရင် ခွင့်လွှတ်ပါ ။အမှန်လုပ်ခဲ့ရင်လည်း ဒီထက်အမှန်လုပ်အောင် ကျနော်တို့ဆက်လုပ်ကြိုးစားသွားမှာပါ ပြောချင်ပါတယ်ခင်ဗျာ” လို့ ဆေးတပ်ကြပ် ညဏ်လင်းထက်ကဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထဲ လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားတွေကို ဆေးဝါးစောင့်ရှောက်မှုအပြင် လူသားချင်းစာနာထောက်ထားမှုစိတ်နဲ့ ပြုမူဆက်ဆံတာကြောင့် အလင်းမဝင်လာသေးတဲ့ တပ်သားတွေအနေနဲ့လည်း အမြန်ဆုံး ဝင်လာကြဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေကို လွတ်လပ်စွာထားရှိပေမဲ့ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ အကျဉ်းသားတွေနဲ့အတူ အကျဥ်းထောင်ထဲမှာ ထားရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်မှာ CDM ဌာနရှိသလို IEC လက်အောက်မှာလည်း ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းထားပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားတွေကို ဘက်ပြောင်းလာဖို့ တိုက်တွန်းဖိတ်ခေါ်လျက်ရှိပါတယ်။

spot_img
spot_img

Recent posts