spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်နက်အင်အားမမျှတဲ့အတွက်ကြောင့်သာ နန်းမယ်ခုံကနေ ခဏတာ ဆုတ်ခွာပေးဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၄ရက်နေ့) မှာပဲ တပ်ဆုတ်လိုက်လိုက်ရတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP ) အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယယ်က ပြောပါတယ်။

“ လက်လွှတ်လိုက်ရတယ်ဆိုတာ မဟုတ်ဘူးလေ။ ခဏဆုတ်ပေးတာ အဲ့လိုမျိုးဘဲ။ ဒီဘက်က စစ်ကြောင်းထိုးနေသ၍တော့ တိုက်ပွဲဖြစ်နေအုံးမှာဘဲ အဲ့ဒီတော့ လူထုတွေ သတိထားကြဖို့ အဲ့တာဘဲ ပြောပါချင်ပါတယ်။” လို့ ခူဒယ်နီယယ်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်အင်အားမမျှတဲ့အတွက် နောက်ဆုတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းနဲ့ လေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်နေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ( DMO-PDF) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ နန်းမယ်ခုံရဲ့ အရှေ့ဘက်နည်းနည်း လီဝိုးကျေးရွာမှာ နေရာယူတယ်ပြောတယ်။ အဲ့မှာ တစ်ကြောင်းပေ့ါနော။ အောက်ဘက်မှာ တစ်ကြောင်းကတော့ ဘယ်ကျေးရွာလဲတော့ မသိဘူး။ အဲ့ဒီ နန်းစံခမ်းလို့ ပြောတယ်။ အဲ့ဒီနန်းစံခမ်းကိုလည်း သူတို့ရောက်ပြီးလို့ ပြောတယ်။ ကျနော်တို့လည်း အတိအကျမသိဘူး။ နောက်ပြီးတော့ ဆင်တောင် ဆင်မတောင်လား။ ဆင်ထီးတောင်လားမသိဘူး။ အဲ့ဒီမှာလည်းရှိတယ်။ သုံးကြောင်းပေါ့နော။ တစ်နေရာ တစ်ကြောင်းတစ်ကြောင်းပေါ့နော။ ခဏကပြောတဲ့ နန်းစံခမ်း မှာတစ်ကြောင်းရယ်၊ နောက် လီဝိုးရွာမှာ တစ်ကြောင်းရယ်၊ ဆင်ထီးတောင်လား။ ဆင်မတောင်လား။ အဲ့ဒီမှာ တစ်ကြောင်းရှိတယ်ပြောတယ်လေ။ သုံးကြောင်းပေါ့နော။ “ လို့ ပြောပါတယ်။

နန်းမယ်ခုံကျေးရွာမှာ ဖေဖော်ဝါရီလ ၂၂ရက်နေ့က စတင်ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်နေရာတွေမှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ကျေးရွာတော်တော်များများက ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ထပ်ဆင့် စစ်ဘေးရှောင်နေရပါတယ်။

စစ်ဘေးရှောင် ပြည်သူတစ်ဦးက “ ရွာရဲ့ အနီးအနားရွာတွေကတော့ အကုန်လုံး ထွက်ပြေးကုန်ပြီပေါ့နော။ ဒီရွာက နောက်ဆုံးရွာ ရွာသူရွာသားတွေနေတယ်။ နောက် စစ်ရှောင်တွေလည်း အများကြီး လာခိုကြတယ်ပေါ့နော။ မနေ့က လေယာဉ်နဲ့ ဗုံးလာကျဲခါကျတော့ ရွာရဲ့ ဟိုးဘက် အနီးမှာကျတယ်။ အဲ့ဒီတော့ ရွာရဲ့ အနီးမှာ ကျမှာစိုးလို့ ထပ်ပြီးတော့မှ ရှောင်ဖို့ ဒီရက်နောက်ဆုံးပေါ့နော။ အဲ့လိုပြောထားကြတယ်။ နောက် အကုန်လုံးလည်း ထွက်သွားဖို့ လုပ်ထားကြတယ်။ “ လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ တိုက်ပွဲ ၂၅ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး
KNPP ၊ PDF တို့ တပ်စွဲထားတဲ့ ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊ ဘုရားကုန်း၊ ဘုရားဖြူ၊ ဆင်မတောင်၊ ဆင်ထီးတောင်၊ အိုကေ စတဲ့ ကျေးရွာတွေနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts