spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လက်မှုပညာဖြင့် မိသားစုအခက်အခဲနှင့် စစ်ရှောင်အခက်အခဲကို ဖြေရှင်းသူ

CJ(ကန္တာရဝတီတိုင်း(မ်))

မိုးကာအပြာရောင်နဲ့ အမိုးလုံရုံသာ ပြုလုပ်ထားတဲ့ ဝါးတဲလေးတလုံးရဲ့ ဝရန်တာမှာ ကိုစာခရစ် တယောက် တခုခုကို အာရုံစိုက်ပြီး ပုံဖော်နေပါတယ်။

သူ့ရဲ့လက်ထဲမှာတော့ ထုတုံးနဲ့ ဆောက်ကို ကိုင်ထားပြီး ဝါးလုံးပေါ်မှာ လက်ရာမြောက်တဲ့ ရုပ်ကြွပန်းပုပုံတွေကို စိတ်ဝင်စားစွာ ထွင်းထုနေပါတယ်။

သူဟာ ဝါးတွေကိုအသုံးပြုပြီး လူသားတွေ နိစ္စဒူဝအသုံးပြုနေတဲ့ ရေခရားအိုး၊ ရေခွက်နဲ့ ပန်းအိုး စတာတွေကို ပြုလုပ်အပြီး အဲဒီဝါးဘူးတွေပေါ်မှာ ပုံစံမျိုးမျိုးထွင်းထုပုံဖော်ပြီး အလှဆင်နေပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်အချိန်ကတည်းက ဒီလိုလက်မှုပညာနဲ့ ဝမ်းစာရှာဖွေနေခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကရင်နီပြည်မှာ ပြင်းထန်လာတဲ့စစ်ပွဲတွေကြောင့် ကိုစာခရစ်တို့မိသားစုဟာလည်း တနေရာပြီးတနေရာစစ်ဘေးရှောင်ခဲ့ရပါတယ်။

အခုတော့ ကိုစာခရစ်ဟာ အသက် (၃၆) နှစ်ရှိပြီဖြစ်ပြီး၊ သူ့ရဲ့အမျိုးသမီး၊ ကလေးနှစ်ယောက်တို့နဲ့အတူ နေထိုင်တာဖြစ်ပါတယ်။
စစ်ဘေးရှောင်နေရတာကြာလာတော့ မိသားစုစားဝတ်နေရေးခက်ခဲလာပြီး၊ ငယ်စဥ်ကတည်းက သူတတ်ထားတဲ့ပညာဖြစ်တဲ့ လက်မှုပညာနဲ့ စားဝတ်နေရေးကိုဖြေရှင်းဖို့ ကြိုးစားလာပါတယ်။

စစ်ရှောင်နေရတာဖြစ်လို့ အရင်လိုသစ်သားတုံးတွေကိုအသုံးပြုပြီး လူ့အသုံးအဆောင်ပစ္စည်းတွေကို မထွင်းထုနိုင်တော့ဘဲ၊ ရှိတဲ့ဝါးလက်မှုပစ္စည်းတွေ ပေါ်မှာပဲ ထွင်းထုအလှဆင် ပြုလုပ်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

“အခုစစ်ဘေးရှောင်နေရတော့ သစ်ကရှားတယ်။ ဘာဖြစ်လို့လဲဆို သစ်တွေက သူများဟာ သွားခုတ်လို့မရဘူး။ သူများကိုအကူညီတောင်းပြီးမှ ရတဲ့ဝါးလေးနဲ့ အဲ့လိုမျိုးလုပ်သွားနိုင်တယ်ပေါ့နော်။” လို့ ကိုစာခရစ်က ပြောပါတယ်။

သစ်သားတွေနဲ့ထွင်းထုရင် ကိုယ်ကြိုက်တဲ့ပုံစံကို စိတ်တိုင်းကျ ရုပ်လုံးတွေကိုထွင်းထုနိုင်ပေမည့်၊ သစ်တွေရှားပါးနေတာကြောင့် ဝါးတွေကိုသာအသုံးပြုပြီး ရုပ်ကြွပုံစံကိုသာ ထွင်းထုနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဝါးတွေကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ်မှာတော့ နဂါးပုံ၊ မြွေပုံ၊ စပျစ်နွယ်ပုံ၊ ဂျုံပင်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ရုပ်ကြွပုံစံထွင်းထုထားတာဖြစ်ပါတယ်။

ဒီလိုရုပ်ကြွပုံတွေထုဆစ်ထားတဲ့ ကိုစာခရစ်ရဲ့လက်ရာ ရုပ်ကြွပုံဖော်အသုံးအဆောင်ပစ္စည်းတွေကို ကြိုက်နှစ်သက်သူတွေ များလာပြီး၊ အွန်လိုင်းမှတဆင့်မှာယူတာ ရှိသလို နိုင်ငံခြားအထိ တင်ပို့ရောင်းချတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

“ ညီလေးဆီကနေတဆင့် ဆရာ၊ဆရာမတွေဆီကနေတဆင့် စင်္ကာပူ ကိုတဆင့်ပို့သွားတာရှိတယ်။ လိုင်းပေါ်ကနေလည်း တချို့မှာတာတွေရှိတယ်။ ပြီးတော့မှ လုပ်ပေးသွားတယ်။ တခါတလေ ပို့ဖို့အခက်အခဲတွေကြုံရတဲ့ နေ့တွေရှိတယ်ပေါ့နော။” လို့ ကိုစာခရစ်က ပြောပါတယ်။

စစ်ရှောင်ပြီးနောက်ပိုင်း ကိုစာခရစ်ထုလုပ်ထားတဲ့ ရုပ်ကြွပုံဖော်အသုံးအဆောင်ပစ္စည်း အခုပေါင်း တရာနီးပါးကို ရောင်းချနိုင်ခဲ့ပြီး၊ အများအားဖြင့် စင်ကာပူနိုင်ငံဖက်ကလူတွေ ဝယ်တာပိုများတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေကောင်းခဲ့စဥ်က လျှပ်စစ်မီးတွေကိုအသုံးပြုပြီး စက်ကိရိယာတွေနဲ့ထွင်းထုတာ တရက်ကို တခုပုံမှန်ပြီးပေမည့်၊ ယခုစစ်ရှောင်တဲ့နေရာမှာ လျှပ်စစ်မီးမရ၊ မီးစက်နိုးဖို့ ဓာတ်ဆီစျေးမတတ်နိုင်တဲ့အတွက် ပစ္စည်းတခုကို အနည်းဆုံး နှစ်ရက်လောက်အချိန်ပေးပြီး ပြုလုပ်နေရပါတယ်။

တခါတလေမှာ စစ်ရှောင်တွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဂျက်လေယာဥ်တွေကြောင့်လည်း ကိုစာခရစ်တယောက် လုပ်လက်စအလုပ်လေးကို ပစ်ချထားခဲ့ရပြီး မိသားစု၊ စစ်ရှောင် တွေနဲ့အတူ လုံခြုံတဲ့နေရာမှာ ပုန်းခိုနေရတဲ့အချိန်တွေလည်း ကြုံခဲ့ရပါတယ်။

“သူတို့က နေ့လယ်ပိုင်းလောက် ပစ်လာတယ်ပေါ့နော။ လက်နက်ကြီးက အနီးအနားပဲကျခါကြတော့ အဲ့လိုမျိုးထားထားတယ်၊ ကိုယ်ကမိသားစုအတွက် အကာအကွယ်တို့၊ ပြီးတော့မှ စစ်ရှောင်တွေဘယ်လိုရှိနေလဲ အကုန်လုံးလိုက်ပြောတဲ့အချိန်တွေရှိတယ်ပေါ့၊ အလုပ်လည်းပျက်ခံရတယ်ပေါ့ အဲ့လိုမျိုးတွေရှိတယ်။” လို့ ကိုစာခရစ်ကပြောပါတယ်။

ဒီလိုနေ့စဥ်နှင့်အမျှ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ တိုက်လေယာဥ်တွေကြောင့် စိတ်လုံခြုံမှုမရှိသလို၊ စစ်ရှောင်စခန်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်လေးတွေကို လက်မှုပညာလက်ဆင့်ကမ်းမည့် သင်တန်းအစီအစဥ်ကိုလည်း ဖျက်ခဲ့ရပါတယ်။

လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေအရ အိမ်ပြန်လို့ မရသေးတဲ့ ကိုစာခရစ်တယောက် စစ်ရှောင်စခန်းက အပြာရောင် တဲငယ်လေးက သူထိုင်နေကျ နေရာလေးမှာပဲ၊ ထုတုံးနဲ့ဆောက်ကိုကိုင်ပြီး ဝါးလုံးတွေပေါ်မှာ လက်ရာမြောက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ရုပ်ကြွတွေကို ဆက်လက်ပြီး ထွင်းထုနေရဦးမှာပဲ ဖြစ်ပါတယ်။

spot_img
spot_img