ကျော်စိုးသူ(Economic Development)ရေးသားသည်။

ဧပြီ ၂ ရက်နေ့ သတင်းစာတွင်ပါလာသော မြန်မာနိုင်ငံအစိုးရနှင့် ကမာ္ဘဘဏ်တို့ ပူးတွဲပြုစုသည့် နိုင်ငံဝန်ထမ်း လစာ၊ စရိတ်၊ ချီးမြင့်ငွေနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်းစနစ်များ၏ အားသာချက်နှင့် အားနည်းချက်များအကြောင်း အစီရင်ခံစာကို ဖတ်ပြီးချိန်တွင် ဤဆောင်းပါးကို ရေးဖို့ အကြောင်းဖန်လာသည်။

ထိုဆောင်းပါးတွင် မြန်မာနိုင်ငံ၏ ဝန်ထမ်းလစာပမာဏဟာ ကောင်းမွန်တဲ့ အနေအထားမှာရှိပြီး လစာ၊ စရိတ် ချီးမြင့်ငွေရဲ့အဆင့်ဟာ ဝန်ထမ်းများကို ရေရှည်ဆွဲဆောင်နိုင်ဖို့ အခွင့်အလမ်းရှိနေပါသည်ဟု ဆိုသည်။

သို့သော်လည်း ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်ဖို့နှင့် ဝန်ထမ်းစွမ်းဆောင်ရည်များ ကောင်းမွန်ဖို့အတွက် ချင့်ချိန်ပြီး စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း ဝန်ထမ်းဦးရေ အများအပြား ခန့်အပ်ခြင်းများနှင့် ဦးတည်အုပ်စုအတွက်သာ တိုးမြှင့်ခြင်းများအကြား ပြန်ချိန်ညှိရန်နှင့် ပိုမိုကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းလစာ ခန့်မှန်းတွက်ချက်သည့် ပုံစံများတည်ဆောက်ရန် အကြံပြုထားတာကို တွေ့ရပါသည်။

သို့ရာတွင် မည်မျှကောင်းမွန်သော အစီရင်ခံစာဖြစ်ပါစေ လက်တွေ့ကျင့်သုံးဖို့ အားနည်းသော အစိုးရစနစ်နှင့် လက်တွေ့ကျင့်သုံးရာတွင်လည်း အားနည်းလျက်ရှိသော အစိုးရစနစ် ဖွဲ့စည်းတည်ဆောက် အုပ်ချုပ်မှုများကို သတိချပ်ရပါလိမ့်မည်။

ထို့အပြင် လစာ၊ စရိတ်နှင့် ချီးမြင့်ငွေများနှင့် ဆက်စပ်နေသော ဖွဲ့စည်းပုံများ၊ ခန့်ထားရေးစနစ်များ၊ ကွာခြားနေသော စစ်ဘက်၊ အရပ်ဖက် လစာနှုန်းထားများ၊ လစာ၊ ပင်စင် နှစ်သီးစားခွင့်များကို အရင်ဖြေရှင်းမှလည်း လစာစရိတ်ပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မည်။ မဟုတ်ပါက ယခင်လိုပင် ရေတို ဖြေရှင်းခြင်းသာ ဖြစ်ပါလိမ့်မည်။

လစာနှင့် ပတ်သက်၍ အနည်းငယ်ရှင်းပြလိုသည်။ လစာဟူသည်မှာ နိုင်ငံတာဝန်ကို ထမ်းဆောင်ခြင်းကြောင့် ရရှိသော အခကြေးငွေပင်ဖြစ်သည်။ နိုင်ငံဝန်ထမ်းများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းမှ ထုတ်ပြန်သော လစာနှုန်းထားများဖြင့် ရရှိခြင်းများဖြစ်ပါသည်။

နိုင်ငံရေးဝန်ထမ်းများအတွက်မူ စရိတ်၊ ချီးမြင့်ငွေနှင့် အဆောင်အယောင်ဥပဒေမှ ပြဋ္ဌာန်းပေးထားပြီးသားဖြစ်သည်။ သို့ရာတွင် အဆိုပါ အုပ်စုနှစ်ခု၏ ခံစားခွင့်ပမာဏသည် အလွန်ပင်ကွာခြားနေတာကို တွေ့ရပေသည်။

အနိမ့်ဆုံးအရပ်ဖက် လစာနှုန်းထားနှင့် အမြင့်ဆုံး နိုင်ငံရေးလစာမှာ အဆ ၄ဝ ကျော် ကွာခြားသည်ကို တွေ့ရပေသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်ဟောင်းတုန်းကပင် အနှိမ့်ဆုံးနှင့် အမြင့်ဆုံး လစာကွာဟချက်မှာ ၁ဝ ဆပင် မရှိပေ။ ယခုခေတ်လစာနှင့် မူလ လစာနှုန်းထား ကွာဟချက်မှာ ပြန်လည်စဉ်းစား သုံးသပ်ရမည့် အချက်ပင် ဖြစ်ပါတော့သည်။

လစာတင် ကွာခြားသည်မဟုတ် ဒေသအတွက် ခွင့်ပြုထားသော ခံစားခွင့်များသည်လည်း အရပ်ဖက် အနှိမ့်ဆုံး လစာထက် (၁၀) ဆမကပေ။ ထိုအကြောင်းအချက်များကို နှိုင်းယှဉ်ကာ အရပ်ဖက် ဝန်ထမ်းလစာနှုန်းထားများနှင့် နိုင်ငံရေး ရာထူးလစာများကို ပြန်လည်စဉ်းစား သုံးသပ်ကြရပါလိမ့်မည်။

နိုင်ငံဝန်ထမ်းလစာများကို သာမန်အသုံးစရိတ်၏ ဝ၁းဝ၁ လစာငွေခေါင်းစဉ်မှ ကျခံပေးခြင်းဖြစ်ပြီး နေ့စားလုပ်အားခများကိုမူ ဝ၃းဝ၁ လုပ်အားခ ခေါင်းစဉ်မှ ထုတ်ယူပေးချေသည်။ နိုင်ငံရေးရာထူးများအတွက် လစာကိုမူ ဝ၁းဝ၂ စရိတ်၊ ထုတ်ယူကျခံ သုံးစွဲလျက်ရှိပါသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ စစ်ဖက်လစာကိုသာ ထုတ်ယူခံစားကြခြင်းဖြစ်ပါသည်။

ဤနေရာတွင် အကြောင်းသင့်၍ ထပ်မံဖော်ပြလိုတာကတော့ စစ်ဖက်နှင့် အရပ်ဖက် လစာနှုန်းထားပင်ဖြစ်ပါသည်။ အရပ်ဖက်ဌာနများ၏ အမြင့်ဆုံးရာထူးဖြစ်သော ညွှန်ကြားရေးမှူးချုပ်၏ လစာမှာ စစ်ဖက်တွင် ဗိုလ်မှူးကြီး ရာထူးလစာနှင့်သာ တူညီနေတာကို တွေ့ရပေသည်။

ဒါ့ကြောင့်ပင် ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာထဲတွင် လူတစ်စု(သို့)အဖွဲ့အစည်းတစ်ခုအတွက်သာ ရည်ရွယ်တိုးမြှင့် ခဲ့ခြင်းများကို ပြန်လည်စဉ်းစားသုံးသပ်ရမည်ဟု ဆိုထားသည်။

လစာနှင့် ပတ်သက်ပြီး အဓိကအကျဆုံး ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာမှာ ဖွဲ့စည်းပုံများပင်ဖြစ်ပေသည်။ ၎င်းပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မှသာ လစာကိစ္စကို ဖြေရှင်းနိုင်ပါလိမ့်မည်။

ယခင်အစိုးရလက်ထက် အဆမတန်ချဲ့ထွင်ခဲ့သော ဖောင်းပွဝန်ကြီးဌာနများ ၊ ဖွဲ့စည်းပုံများနှင့် ဆင်းခါနီးမှ ဆောင်ရွက်ခဲ့သော အမြဲတမ်းအတွင်းဝန်ရုံးစနစ်များက အစိုးရသစ်အတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်မကပဲ လစာတိုးရေးကဲ့သို့သော ကိစ္စအတွက်ပါ ခေါင်းခဲစရာအကြောင်းများ ဖြစ်ပေသည်။

ဝန်ကြီးဌာန ၃၈ ခုမှ ၂၂ သို့ လျော့ချပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း တစ်လူတစ်မင်း ချဲ့ထွင်ထားသော ဦးစီးလုပ်ငန်းဌာနများကိုမူ လျော့ချပြင်ဆင် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပေသည်။

အမြဲတမ်း အတွင်းဝန်ရုံးများသည်လည်း ပူးပေါင်းနိုင်ခြင်းမရှိကြပေ။ နာမည်သာပေါင်းပြီး လုပ်ငန်းများနှင့် ဘတ်ဂျက် ပူးပေါင်းခြင်း မရှိကြတာကိုလည်း တွေ့ရပေသည်။ ဝန်ကြီးဌာနများ လျော့သွားသော်လည်း အသစ်ထပ်မံ ဖွဲ့စည်းသည့် ဝန်ကြီးဌာန အောက်တွင် ဦးစီးဌာနဖွဲ့စည်းပုံသစ်များ တိုးလာသည်ကို တွေ့ရပေသည်။

ဒါ့ကြောင့် အသွင်သဏ္ဍန်သာပြောင်းပြီး အနစ်သာရ မပြောင်းနိုင်ကြတာကို တွေ့ရပေသည်။ ထိုကဲ့သို့ ဖောင်းပွဖွဲ့စည်းပုံများကြောင့် လစာနှုန်းထားတိုးရာတွင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေကို ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သောကြောင့် ဖွဲ့စည်းပုံများကို ကျစ်လစ်အောင် လုပ်နိုင်မှသာ လစာနှုန်းထားတိုးဖို့ အတွက် အဆင်ပြေပါလိမ့်မည်။

ဤနေရာတွင် တစ်ခုထောက်ပြလိုသည်မှာ နိုင်ငံရေးရာထူးများသည် သီးခြားပြဋ္ဌာန်းထားသော စရိတ်၊ ချီးမြင့်ငွေနှင့် အဆောင်အယောင်ဥပဒေအရ အခြားအမြဲတမ်းဝန်ထမ်းများ၏ လစာ၊ စရိတ်များထက် ကွာခြားနေသလို ထုတ်ယူရာတွင်လည်း အဆင်ပြေလွယ်ကူတာကို တွေ့ရပေသည်။ သာမန်ဝန်ထမ်းများ၏ စရိတ်ခံစားခွင့်များမှာ တိတ်ကျကျ သတ်မှတ်ထားခြင်းမရှိသလို ထုတ်ယူရာတွင်လည်း ခေတ်စနစ်နှင့် မကိုက်ညီတော့သော လုပ်ထုံးလုပ်နည်းများကို တွေ့ရပေသည်။

အချုပ်အားဖြင့်ဆိုသော် လစာနှုန်းထားများ တိုးမြင့်ရေးအတွက် အခြားသော ပြုပြင်ပြောင်းလဲရမည့် အရာများကို အရင်ဆုံးပြောင်းလဲ ရပေလိမ့်မည်။ ဖွဲ့စည်းပုံများကျစ်လစ်ရေး ၊ စစ်ဖက်အရပ်ဖက်လစာ နှုန်းထားများ ပြန်လည်ချိန်ညှိရေးနှင့် အစိုးရ၏ လေလွင့်အသုံးစရိတ်များ စိစစ်လျော့ချနိုင်ရေးတို့ကို အဓိကထား ဦးတည်ဆောင်ရွက်ရပေလိမ့်မည်။

သို့မှသာ လစာနှုန်းထားများကို ခေတ်စနစ်လျော်ညီသော နှုန်းထားများအဖြစ် တိုးမြင့်ပေးနိုင်မည်ဖြစ်သလို တိုးခြင်း၏ အကျိုးဆက်ကိုလည်း ခံစားရပေလိမ့်မည်။ သို့မဟုတ်ပါက လစာတိုးလာသည့် တပြိုင်နက် တက်လာသော ကုန်ဈေးနှုန်းများကြောင့် လစာတိုးခြင်း၏ အကျိုးကျေးဇူးကို မခံစားရဘဲ ငွေဖောင်းပွမှုသာ အဖတ်တင် ကျန်ရစ်မည်ဖြစ်ကြောင်း မီးမောင်းထိုးရေးသားလိုက်ရပေသည်။

 
 
 

Comments

comments