spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လာမယ့်နှစ်မှာ စားဝတ်နေရေး အတွက် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးပြည်သူ့တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဟာ နောက်နှစ်အတွက် စားရေးသောက်ရေးကို စိုးရိမ်နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေအပြင်၊ တခြားဝင်ငွေရတဲ့ လုပ်ငန်းတွေကိုလည်း မလုပ်ကိုင်နိုင်တော့တာဖြစ်ပါတယ်။

“ဝင်ငွေဆိုတာလည်း တစ်ကျပ်မှမရှိဘူး။ အလှူရှင်က ပံ့ပိုးတာတွေပဲ မျှော်စားရတဲ့ဘဝ အခုက ကျမတို့ကိုကူညီတဲ့သူ ပံ့ပိုးတဲ့သူက အလှူရှင်တွေပါပဲ။ ကျမတို့ရနေတဲ့ စားဝတ်နေရေး အခု စားဝတ်နေရေးနေနိုင်တာကလည်း အလှူရှင်တွေပါပဲ။ ကျမတို့ကိုယ်ထူကိုယ်ထကနေ လုပ်ဆောင်နိုင်တယ် နေနိုင်တယ်ဆိုတဲ့ဟာ ဘာမှမရှိပါဘူး။ ဒီ ၆လပတ်ကာလလုံးမှာ ဝင်ငွေတဲ့လုပ်ငန်းဆိုတာ ဘာတစ်ခုမှမတွေ့ရပါဘူး။ ဝင်ငွေဆုံးရှုံးတဲ့လုပ်ငန်းက အများကြီးပဲ။”လို့ ဒီးမော့ဆိုမြို့ စစ်ဘေးရှောင်သူတစ်ဦးက ပြောပါတယ်။

ယခုနှစ် မိုးရာသီကာလမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေကို မလုပ်ကိုင်နိုင်တော့တာကြောင့် နောက်တစ်နှစ် စားရေးသောက်ရေးအတွက် ပူပန်နေရတယ်လို့ ဒီးမော့ဆို စစ်ရှောင်တစ်ဦးကပြောပါတယ်။

“အများဆုံးက ကျမတို့စိုက်တာက စပါး ပြီးရင် ပြောင်းဖူး မြေပဲတွေ အဲ့ဒီစိုက်ခင်းဟာ ဆုံးရှုံးကုန်တယ် ကျမတို့စီးပွားရေး အဲ့ဒီကနေ တဆင့် စီးပွားရေးကပျက်ပြယ်သွားပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

မြို့ပေါ်၊ ကျေးလက် ဒေသခံအများစုမှာ တောင်ယာ၊ လယ်ယာ၊ စိုက်ပျိုးရေး၊ ဈေးရောင်းလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် အဓိကလုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။ တိုက်ပွဲမဖြစ်တဲ့ ကျေးလက်တောရွာတွေမှာတော့ ဒီနှစ်အတွင်းမှာ တောင်ယာစပါးကို စိုက်ပျိုးကြပေမယ့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတော့မရှိဘူးလို့ ပြောပါတယ်။

လက်ရှိမှာ အလှူရှင်တွေရဲ့ထောက်ပံ့မှုအပြင် တချို့ နယ်ခြားကိုအလုပ်သွားလုပ်တဲ့ ဆွေမျိုးရင်းတွေဆီက အကူညီတွေကိုသာမှီခိုနေကြရပါတယ်။

“ကြာလာလို့ရှိရင် ဒီနိုင်ငံရေးအခြေအနေကြောင့် အလှူရှင်တွေက လမ်းခရီးအခက်အခဲဖြစ်မယ် အလှူရှုင်မရောက်လာနိုင်ဘူးဆိုရင် ဒီစစ်ဘေးရှောင်က ဘယ်လိုပဲဖြစ်ဖြစ် စားဝတ်နေရေးဖက်မှာ အခက်အခဲကြုံလာနိုင်မယ် ဒါကြောင့်မလို့ ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ဆိုရင် ကျမတို့မှာအရမ်းဝန်လေးနေမိတယ်ပေါ့နော။ မိမိရပ်ရွာကိုမပြန်နိုင်တဲ့မိသားစုတွေအများကြီးရှိတယ် အိုးအိမ်မရှိတဲ့မိသားစုတွေလည်း တစ်ချို့ရှိနေခဲ့တယ်ပေါ့ ဒီနေရာမှာ။ ဒါကြောင့်မလို့ လာမယ့် တစ်နေ့ တစ်ရက် တစ်ချိန်ကျရင် စားဝတ်နေရေးဖက်မှာဆိုလို့ရှိရင် ပြဿနာကြုံလာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။” လို့ ဒီးမော့ဆိုမြို့ ဝါးရုံတောစစ်ဘေးရှောင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံအများစုက ကျေးလက်တောရွာတွေမှာ စစ်ဘေးရှောင်ခဲ့ရသလို ကျေးရွာရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေရဲ့ဝင်ရောက်တပ်စွဲမှု၊ ဖျက်ဆီးမှု၊ မီးရှို့မှု၊ လက်နက်ကြီးကျရောက်ပြီး နေအိမ်ပျက်စီးမှုကြောင့် ဒေသခံတွေ နေအိမ်ကိုပြန်လည်နေထိုင်ခြင်းမရှိကြသေးပါဘူး။

spot_img
spot_img

Recent posts