လိုအပ်ချက်တွေများနေဆဲဖြစ်တဲ့ သိုသီးဖိုဒေသသို့ ခရီးသွားခြင်း

တောင်ကုန်း တောင်တန်းတွေနဲ့ ထူထပ်ပေါများလှတဲ့ ကယား(ကရင်နီ)ပြည်နယ်ဖွား ကယော(ပရဲ့)လူမျိုးစုတို့ရဲ့ နေထိုင်ရာဒေသကို ရုံးစိုက်ရာ ဒီးမော့ဆိုမြို့ကနေ ကန္တာရဝတီတိုင်း(မ်) ဝိုင်းတော်သားတွေနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။

စိုင်းလင်းလင်းဦး
ဒီဇင်ဘာလ ဒုတိယအပတ်ဖြစ်တဲ့အတွက် တောင်တန်းပတ်ဝန်းကျင်ရဲ့ နေရာတွေမှာ ဆောင်းနှင်းမြူတွေဝေစပြုနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၀၀ဝ ကျော်မြင့်တဲ့ ဖရူဆိုမြို့နယ် သိုသီးဖိုကျေးရွာအုပ်စုကို ချီတက်ခဲ့ကြပါတယ်။
လမ်းခရီးတစ်လျှောက် အတက်အဆင်းပေါင်း မြောက်များစွာနဲ့ တောတောင်၊ ချောင်းတွေကို ကျော်ဖြတ်ပြီး မြင့်သထက်မြင့်တဲ့ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်အနီးမှာရှိတဲ့ ရည်ရွယ်ရာဒေသကို ခရီးနှင်ခဲ့ကြပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းဂျာနယ်ကို ဝယ်ယူဖတ်ရှုသူတွေ ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေနဲ့ အနွေးထည်တွေ ဝယ်ယူစုဆောင်းပြီး ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုဖြစ်တဲ့ သိုသီးဖိုဒေသကို စာဖတ်သူတွေကိုယ်စား သွားရောက်လှူဒါန်းကြဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တို့တွေ ခရီးထွက်ခဲ့ကြတာပါ။
ဖရူဆိုမြို့ အနောက်တောင်ဖက်၊ ဟိုယာ – ကေကော လမ်းအတိုင်း ကားနဲ့ မောင်းနှင်လာခဲ့ပြီး ကတ္တရာလမ်းတစ်ပိုင်း ကျောက်ချောလမ်းတစ်ပိုင်း ဖြစ်နေတဲ့ လမ်းလေးကို ကေကောကျေးရွာအုပ်စုအထိ ဖြတ်သန်းလာခဲ့ရပါတယ်။
လမ်းတစ်လျှောက်မှာ ဝါးတန်းတွေနဲ့ လုပ်ထားတဲ့ လုံခြုံရေးဂိတ်တွေကို နေရာတော်တော်များများ တွေ့ရပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကယား(ကရင်နီ)ပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဂိတ်တွေဖြစ်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံတပ်ဦး (KNPLF)၊ (KNPDP) ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ကရင်နီအမျိုးတိုးတက်ရေးပါတီ (KNPP)တို့ရဲ့ ဂိတ်တွေဖြစ်ကြပါတယ်။
ဒေသလုံခြုံရေးအတွက်လုံခြုံရေးဂိတ်ကို ထားရှိတယ်လို့ဆိုကြသလို သစ်တောထွက်ပစ္စည်းနဲ့ သယံဇာတထုတ်ယူသူတွေက ပစ္စည်းတွေသယ်ဆောင် ဖြတ်သန်းကြတဲ့အခါ အဲဒီဂိတ်တွေမှာ အခွန်ပေးဆောင်ရတယ်လို့ ဆိုကြပါတယ်။ ရရှိတဲ့ အခွန်ငွေတွေကို ဘယ်မှာ ပြန်လည်အသုံးပြုကြတယ်ဆိုတာ မသိကြရပေမယ့် တောင်းခံအခွန်အခတွေကိုတော့ ပေးဆောင်ကြရတယ်လို့ ဒေသခံတွေက ကျနော်တို့ကို ပြောပြကြပါတယ်။
ရာသီဥတု ဆိုးဝါးမှုနဲ့ တိရိစာ္ဆန်တွေရဲ့ဖျက်ဆီးမှုကြောင့် ဒီနှစ်တွေအတွင်း အဓိကဝမ်းစာအနေနဲ့ စိုက်ပျိုးတဲ့ စပါးတွေအထွက်လျော့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်နှစ်စာ ဝမ်းစာအတွက် စပါးတွေလုံလောက်မှုမရှိတော့တဲ့ အခါမျိုးမှာ အပိုဝင်ငွေအနေနဲ့ ဖါလာခင်း စိုက်ပျိုးထားတဲ့ သူတွေကတော့ ဖါလာရောင်းပြီး တစ်ဖက်တစ်လမ်းကနေ ဝမ်းစာအတွက် ဆန်ဝယ်ယူပြီး မိသားစု စားဖို့အတွက် ဖြည့်ဆည်းရတာပါ။
ဒီအခြေအနေမျိုးမှာတောင်မှ အချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေက ထွက်ရှိလာတဲ့ ဖါလာသီးနှံအပေါ်မှာ အခွန်ကောက်ခံတာမျိုး လုပ်ဆောင်နေဆဲပဲလို့ သိုသီးဖိုကျေးရွာအုပ်စုက ကေခီးရွာကဒေသခံတစ်ဦးက ကျနော်တို့ကို ပြောပြပါတယ်။
လမ်းခရီးတစ်လျှောက်မှာ ရှိတဲ့ တောင်တန်းမြေနေရာအများစုမှာ သစ်ပင်ကြီးတွေနဲ့ စိမ်းစိုနေတဲ့တောအစုစုကို အနည်းငယ်သာတွေ့ရပါတယ်။ ဒီဒေသခံအများစုဟာ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ပဲ ခေတ်အဆက်ဆက်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး လိုအပ်ချက်အရ ချဲ့ထွင်ရင်း သစ်ပင်ကြီးတွေ မရှိသလောက်နည်းသွားပြီး လုံးပတ်တစ်ပေလောက်သာ ရှိတဲ့ သစ်ပင်ငယ်တွေပေါက်ရောက်တဲ့ တောင်တန်းတွေကိုသာ အများစု တွေ့ခဲ့ရပါတယ်။
ရွေ့ပြောင်းတောင်ယာခုတ်ယူတဲ့စနစ်ကြောင့် သစ်ပင်ကြီးတွေပေါက်ရောက်တဲ့ သစ်တောအုပ်ကြီးတွေ နည်းပါးသွားခဲ့တယ်လို့ လူထုဗဟိုပြုစီမံကိန်းရဲ့ ကွင်းဆင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖရူဆိုမြ်ို့ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
နောက်ဆက်တွဲအနေနဲ့ လူတွေအသုံးပြုဖို့ ရေထွက်တွေ ခမ်းခြောက်လာတဲ့အတွက် ရေထွက်ရာဒေသပတ်ဝန်းကျင်ကို တစ်နေရာပြီးတစ်နေရာ ရွာလုံးကျွတ်ပြောင်းရွေ့လိုက်ရတာတွေ ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။
ဒီလို ရွေ့ပြောင်းတောင်ယာစနစ်နဲ့ အသားကျနေတဲ့ အနေအထားတစ်ခုကို လျော့ပါးသွားအောင် လုပ်ဆောင်နိုင်မယ့် အသိပညာပေးမှု၊ နည်းပညာတွေနဲ့ ထောက်ပံ့မှုတွေကို တာဝန်ရှိသူ အစိုးရအနေနဲ့ လာရောက်လုပ်ဆောင်တာမျိုးမရှိသေးပါဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတောင် ဖွံ့ဖြိုးရေးလုပ်ငန်းကို လာရောက်လုပ်ဆောင်မှုတွေ နည်းပါးနေဆဲပဲလို့ ဆိုပါတယ်။
လမ်းတွေရဲ့ အနေအထားတွေကြောင့် ကျနော်တို့ အဖွဲ့သားတွေ ဖြည်းဖြည်းချင်းသာ ခရီးနှင်ခဲ့ရပါတယ်။ ကေကောကျေးရွာအုပ်စုအရောက်မှာတော့ သိုသီးဖိုဒေသကိုသွားရောက်ရမယ့် လမ်းခရီးက မြေသားလမ်းသာရှိတဲ့အတွက် နေရာအချို့မှာ ချိုင့်ခွက်တွေနဲ့ မညီမညာဖြစ်နေတဲ့ လမ်းမျက်နှာပြင်ကို ဖြတ်သန်းသွားခဲ့ရပါတယ်။
မနက်ပိုင်း ၈ နာရီကနေ စထွက်ခဲ့ပြီး ညနေပိုင်း ၅ နာရီလောက်မှာ သိုသီးဖိုဒေသကို ရောက်ရှိပါတယ်။
ရွာကို သွားဖို့အတွက် ကားလမ်းမရှိတဲ့အတွက် စီးနှင်လာတဲ့ကားကို ကားလမ်းရဲ့အဆုံးမှာ ထားခဲ့ပြီးအဖွဲ့သားတွေ လမ်းလျှောက်ဖို့ ပြင်ဆင်ရပါတယ်။

 

ယူဆောင်လာတဲ့ တကိုယ်ရေအသုံးအဆောင်နဲ့ ကျေးရွာမှာ လှူဒါန်းပေးဖို့ဖြစ်တဲ့ အနွေးထည်နဲ့ ဂျာနယ်စာစောင်တွေကို သယ်ဆောင်သွားရပါတယ်။
ပစ္စည်းတွေကို သယ်ကြတဲ့အခါ လမ်းကြုံတဲ့ ဒေသခံနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလုပ်ဆောင်တဲ့ လူထုဗဟိုပြုစီမံကိန်းရဲ့ သိုသီးဖိုကျေးရွာအုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းနှစ်ဦးက ကူညီသယ်ဆောင်ပေးကြပါတယ်။
တောင်ဘေးမှာ ကပ်ပြီးဖေါက်လုပ်ထားတဲ့ ၃ ပေ လောက်သာသာ လောက်ရှိတဲ့ လမ်းကလေးကို မိနစ် ၃ဝ လောက် လျှောက်ပြီးတဲ့နောက်မှာတော့ ကေခီးရွာကို ဆိုက်ရောက်ခဲ့ပါတယ်။

မြို့မှာ လူသုံးကုန်ပစ္စည်းတွေ ဝယ်ယူသယ်ဆောင်တဲ့နေရာမှာ ကြုံကြိုက်တဲ့ကားနဲ့ ကားလမ်းပေါက်တဲ့အထိသာ သယ်ယူရပြီး ရာသီဥတုဆိုးရွားတဲ့အချိန်တွေမှာ ပစ္စည်းတွေကို လူနဲ့သာ သယ်ဆောင်လာရတယ်လို့ ဆိုကြပါတယ်။
ရာသီဥတုကောင်းမွန်လို့ လမ်းတွေပျက်စီးမှုမရှိရင်တော့ ကားလမ်းရဲ့အဆုံးကနေ သိုသီးဖိုကျေးရွာအုပ်စုရဲ့ ကျေးရွာ ၈ ရွာထဲက ၄ ရွာလောက်ကို အကျယ် ၃ ပေလောက်သာရှိတဲ့ လမ်းကို အသုံးပြုပြီး ဆိုင်ကယ်တွေနဲ့ သွားလာလို့ရပါတယ်။

ကျနော်တို့ ရောက်ရှိနေတဲ့အချိန်မှာတော့ ဒေသခံတွေ ဆိုင်ကယ်နဲ့ သွားလာဖြတ်သန်းနေတာကိုတော့ တွေ့ရပါတယ်။
ကေခီးရွာကို ရောက်တော့ နေဝင်စပြုနေပါပြီ။ ယာယီမိုးထားတဲ့ သွယ်မိုးနဲ့ ဝါးထရံကာ လူနေအိမ်ငယ်လေးတွေကို အများစုတွေ့ရပါတယ်။ အချို့အိမ်တွေမှာ လျှပ်စစ်မီးသီးတွေနဲ့ ထိန်လင်းနေပြီး အိမ်အချို့ဆီကဖွင့်ထားတဲ့ ဆောင်းဘောက်(Sound Box)ကနေ ထွက်ပေါ်လာတဲ့ အသံတွေကို ကြားနေရပါတယ်။
အားလုံးက လျှပ်စစ်ဓါတ်အားသုံး လျှပ်စစ်ပစ္စည်းအသုံးဆောင်ဖြစ်ပေမယ့် မြို့မှာတွေ့ရတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာရှိတဲ့ လောပိတရေအားလျှပ်စစ်စက်ရုံကနေလာတဲ့ မီတာဘောက်နဲ့ လျှပ်စစ်ဓါတ်အားတော့မဟုတ်ပါဘူး။
အနံ ၂ ပေ အလျား ၄ ပေရှိတဲ့ ဆိုလာပြားကနေ နေရောင်ခြည်ကိုရယူပြီး လျှပ်စစ်ဓာတ်အားအဖြစ် ပြန်လည်အသုံးပြုကြရတာပါ။ လျှပ်စစ်ဓါတ်အားစုဆောင်းပေးတဲ့ ဆိုလာပြားကနေ တဆင့် မြန်မာကျပ်ငွေ နှစ်သောင်းတန် ဘက်ထရီအိုး ဒါမှမဟုတ် တရုတ်နိုင်ငံလုပ် ဆိုင်ကယ်ဘက်ထရီတွေကနေ ထွက်ရှိလာတဲ့ လျှပ်စစ်ကိုသွယ်တန်းပြီး အသုံးပြုကြတာပါ။
ကေခီးရွာမှာ ညအိပ်နားပြီးတဲ့ နောက်နေ့မနက်ခင်းက မှတ်မှတ်ရရ ဒီဇင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ပါ။ ဆောင်းမနက်ခင်းနေရောင်အောက်က ဆွေးမြေ့စပြုနေပြီဖြစ်တဲ့ မြန်မာနိုင်ငံတော်အလံ တပ်ဆင်ထားတဲ့ အလံတိုင်နဲ့ အခြေခံမူလတန်းကျောင်းအရှေ့မှာ သိုသီးဖိုဒေသ ကေခီးရွာရဲ့ ရွာမှာရှိတဲ့ မိဘနဲ့ ကလေးတွေ နေပူဆာလှုံနေကြပါတယ်။
မနက်ခင်း ၈ နာရီကျော်အချိန်ကို ရောက်လာပါပြီ။ မြန်မာနိုင်ငံအစိုးရကျောင်းတွေရဲ့ ကျောင်းတက်ရက်ဖြစ်ပေမယ့် ကျောင်းရဲ့ ဆရာ/ဆရာမကို မတွေ့ရပါဘူး။ ကျောင်းမှာတာဝန်ကျတဲ့ ဆရာမနှစ်ဦးက နိုဝင်ဘာလကတည်းက အဝေးသင်စာမေးပွဲအတွက် ခွင့်ယူထားတဲ့ ကျောင်းမှာဆရာမ မရှိဘူးလို့ ဆိုကြပါတယ်။ ယူထားတဲ့ ခွင့်ပြီးဆုံးသွားပေမယ့် သင်တန်းတစ်ခုထပ်တက်စရာရှိလို့ ဒီဇင်ဘာလ ၈ နေ့မှ ပြန်ရောက်နိုင်မယ့်လို့ အကြောင်းကြားထားပေမယ့် ဒီနေ့အထိ မရောက်လာသေးဘူးလို့ ကေခီးရွာသားတွေက ဆိုကြပါတယ်။
နောက်ရက်သတ္တပတ်မှာပဲ ဒီဇင်ဘာ ကျောင်းပိတ်ရက်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်လအတွင်း ကျောင်းသားတွေကို မိဘတွေကပဲ အလှည့်ကျ ထိန်းပေးနေရတယ်လို့ ဆိုကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေဟာ ဒီဒေသတွေမှာ စပါးရိတ်သိမ်းပြီး ရွာမှာရှိတဲ့နေအိမ် ဒါမှမဟုတ် စပါးကျီကို သယ်ယူရတဲ့အချိန်မို့ မိဘတွေ တောင်ယာခင်းသွား အလုပ်ရှုပ်တဲ့ အချိန်တွေပါပဲ။
ဒီဒေသရဲ့ အိမ်ထောင်တစ်စုမှာ မွေးထားတဲ့ ကလေးတွေလည်း များလွန်းလှတာကို တွေ့ခဲ့ရပါတယ်။ ညီအကို မောင်နှမတွေဟာ အသက်အရွယ်အပိုင်းအခြား ကွာခြားလေ့မရှိဘဲ ကလေးမွေးဖွားနှုန်းတွေ မြင့်နေတာပါ။

 

ဒီအကြောင်းကို မေးကြည့်တော့ သားဆက်ခြားနည်းတွေမသိကြသလို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွာနဲ့ ၁ဝ မိုင်ကျော် ဝေးပြီး ကျေးလက်ကျန်းမာရေးဆေးခန်းရှိတဲ့ ကေကောကျေးရွာအထိသွားရောက်ကြရတယ်လို့ ဆိုကြပါတယ်။ ဖျားနာပြီး အသည်းအသန်ဖြစ်နေတဲ့ လူနာကို သယ်ဆောင်သွားစဉ်မှာပဲ အသက်ဆုံးရှုံးမှုနဲ့ ကြုံတွေ့ရတဲ့အခြေအနေမျိုးလည်း ရှိခဲ့တာပါ။

 

တစ်ခါတရံမှသာ KNPP ရဲ့ နယ်လှည့်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ကနေ လာရောက်ကုသပေးတာတွေတော့ ရှိတယ်လို့ သိရပါတယ်။
နောက်နေ့ရက်တွေမှာ ကျန်တဲ့ကျေးရွာသုံးရွာကို ကျနော်တို့ ကန္တာရဝတီတိုင်း(မ်)အဖွဲ့သားတွေ အနွေးထည်တွေနဲ့ ဂျာနယ်တွေကို သွားရောက်ပေးအပ်ခဲ့ပါတယ်။ ဆက်သွယ်ရေးလမ်းခရီးကြမ်းတမ်းတာကြောင့် လမ်းလျှောက်ပြီး တစ်ရွာကို တစ်ရက်နှုန်းနဲ့ သွားရောက်ခဲ့ကြရတာပါ။
အပြန်မှာတော့ လာခဲ့တဲ့လမ်းအတိုင်း မပြန်တော့ပဲနဲ့ ကေကောလမ်းကနေတဆင့် ဟိုုယာ ကရင်ပြည်နယ် သံတောင်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းအတိုင်း ကရင်ပြည်နယ်နယ်စပ်ကို ဝင်ရောက်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဆောက်လုပ်ရေးဦးစီးဌာနရဲ့ လမ်းအပိုင်းကို ရောက်တာနဲ့ ပထမဦးဆုံးတွေ့ရတာက မဲပြောင်ပြီး ချိုင့်ခွက်မရှိတဲ့ ကတ္တရာလမ်းကိုပါ။

 

လမ်းတွေဟာ ကယားပြည်နယ်အတွင်းက ကတ္တရာလမ်းအပိုင်းနဲ့ ယှဉ်ရင်အတော်အတန်ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ လမ်းတစ်လျှောက်လူနေအိမ်တွေကလည်း ကောင်းမွန်လှပြီး လူနေမှုအဆင့်အတန်းတွေ မြင့်နေတာကို တွေ့ရပါတယ်။
ကရင်ပြည်နယ်အတွင်း လမ်းကနေတဆင့် လွိုင်ကော် – တောင်ငူ လမ်းအပိုင်းအတိုင်း ကျနော်တို့ ကားလေး ဝင်ရောက်ခဲ့ပြီး ကယားပြည်နယ်ကို အပြန်ခရီးနှင်မှာဖြစ်ပါတယ်။ လွိုင်ကော် – တောင်ငူ လမ်းမကြီးအတိုင်း ကရင်ပြည်နယ်ကနေတဆင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် နယ်နမိတ်အတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းရှိ ဆီးဘူးဒေသမှာ နေ့လည်စာအတွက် ခဏစားသောက်ကြပြီး ခရီးထပ်ဆက်ခဲ့ပါတယ်။
လမ်းအတိုင်း အဖြည်းဖြည်းနဲ့ ကယားပြည်နယ်နယ်နမိတ်အတွင်းကို ရောက်ရှိလာပါပြီ။

 

ကတ္တရာလမ်းတွေမှာလည်း အပေါက်တွေနဲ့ မညီမညာဖြစ်နေတာတွေကို တွေ့နေရတာကြောင့် ကယားပြည်နယ်ရဲ့ နယ်နမိတ်ဆိုတာ ပိုပြီးသေချာစေတာပါပဲ။ လမ်းမတစ်လျှောက် ပြန်လည်နင်းဖြတ်ရင်း ကျနော်တို့ရဲ့ အမိကယား(ကရင်နီ)ပြည်နယ်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်။

Comments

comments

Next Post

ဒေါတမကြီးကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင်များ လုံလောက်မူမရှိဟုဆို

Sat Jan 7 , 2017
ကယားပြည်နယ်၊ ဒီးမောဆိုမြို ့၊ ဒေါတမကြီးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စာသင်ဆောင်များလုံလောက်မူမရှိသည့်အတွက် အခက်အခဲရှိနေသည်ဟု အမည်မဖော် လိုသူဆရာမတဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စာသင်ဆောင်လုံလောက်မူရှိသော်လည်း ပြိုကျမည့် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပြီး ဖျက်သိမ်းခဲ့သောကြောင့် စာသင်ဆောင်များလျော့နည်းလာခြင်းဖြစ်သည်။ Comments comments